ပင်လည်ဘူးမြို့နယ်အတွင်းမှ တရားမဝင်ကျောက်စိမ်းအရိုင်းတုံး ၂၁၁၅ ကီလိုဂရမ် ဖမ်းမိ

ပင်လည်ဘူး ၇ ဇွန်


စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ပင်လည်ဘူးမြို့နယ် ကန်ကုန်းကျေးရွာအနီးမှ တရားမဝင် ကျောက်စိမ်းအရိုင်းတုံးများ ဖမ်းမိခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ဇွန်လ ၆ ရက် ည ၁၀ နာရီခွဲအချိန်ခန့်တွင် ပင်လည်ဘူးမြို့မရဲစခန်းမှ နယ်ထိန်းဒုရဲအုပ်သက်ပိုင် ဦးစီးသော ရဲတပ်ဖွဲ့ဝင်များသည် မသင်္ကာဖွယ် ယာဉ်တစ်စီးရပ်နားထားကြောင်း သတင်းရသဖြင့် သွားရောက်ကြည့်ရှုစစ်ဆေးရာ ပင်လည်ဘူးမြို့နယ်၊ ကံကုန်းကျေးရွာအနီး ရပ်ထားသော 9I/5001 ယာဉ်နှင့်အတူ ယာဉ်ပိုင်ရှင်ကိုသက်(ခ)သက်နိုင်နှင့် ဇာနည်ဟိဏ်းတို့နှစ်ဦးအား တွေ့ရှိရပြီး ယာဉ်အတွင်း ရှာဖွေစစ်ဆေးရာ အဆိုပါယာဉ်ပေါ်မှ တရားမဝင်ကျောက်စိမ်းအရိုင်းတုံး (၁၂)ထုပ် အလေးချိန်(၃၀)ကီလိုဂရမ် ရှာဖွေတွေ့ရှိခဲ့သည်။ 

 

ဆက်လက်စစ်ဆေးချက်အရ ဇွန်လ ၇ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်တွင် ယာဉ်အား ကားဝပ်ရှော့ဆရာဖြင့် အသေးစိတ်ဆက်လက် ရှာဖွေခဲ့ရာ တရားမဝင်ကျောက်စိမ်းအရိုင်းတုံး ၂၉၃ ထုပ် စုစုပေါင်း အလေးချိန် ၂၁၁၅ ကီလိုဂရမ် ရှာဖွေစစ်ဆေးတွေ့ရှိရသဖြင့် တရားမဝင်ကျောက်စိမ်းတုံးများ သယ်ဆောင်လာသူ ကိုသက်(ခ)သက်နိုင်၊ သင်ပန်းကုန်းရပ်မန္တလေးမြို့နေသူနှင့် ဇာနည်ဟိဏ်း၊ အမှတ် ၃ ရပ်၊ သိန္နီမြို့၊ ရှမ်းမြောက်နေသူနှစ်ဦးအား ပင်လည်ဘူးမြို့မရဲစခန်းမှ ကျောက်မျက်ဥပဒေအရ ဖမ်းဆီးအရေးယူဆောင်ရွက်ထားကြောင်း သိရပါသည်။


 လူအောင်(ကသာ)

 

1