ပင်လည်ဘူးမြို့၌ တရားမဝင်သယ်ဆောင်လာသော တမလန်းသစ် ဓားရွေတုံး ၂၆ တုံး ဖမ်းဆီးရမိ

ပင်လည်ဘူး   ၂၂   ဇွန်  

 

စစ်ကိုင်းတိုင်းဒေသကြီး  ကသာခရိုင်  ပင်လည်ဘူးမြို့ သစ်တောဦးစီးဌာနရုံးရှေ့၌ ဇွန် ၂၁ ရက်နေ့က တရားမဝင် သယ်ဆောင်လာသော တမလန်းသစ် ဓားရွေတုံး ၂၆ တုံး (၃ ဒသမ ၁၄၀၂)တန် ဖမ်းဆီးရမိကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဇွန် ၂၁ ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် သစ်တောဦးစီးဌာနမှ တောအုပ် ဆင့်မျိုးအောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲစခန်းမှ ဒုရဲအုပ် သက်ပိုင်ဦးနှင့်တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့တို့သည် သက်သေများနှင့်အတူ သတင်းအရ ပင်လည်ဘူး-ကောလင်းသွား ကားလမ်းမပေါ် သစ်တောဦးစီးဌာနရုံး ရှေ့တွင် အသင့်စောင့်ဆိုင်းနေစဉ် ပင်လည်ဘူးဘက်မှ ကောလင်းဘက်သို့ မောင်းနှင်လာသော ၆ ဘီးမော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်မောင်း နေဝင်းထွန်း၊ ယာဉ်နောက်လိုက် ဖိုးဖြူ ၊ မျိုးမျိုးတို့နှင့်အတူ ယာဉ်ပေါ်တွင် တရားမဝင် တမလန်းသစ် ဓားရွေတုံး ၂၆ တုံး၊ (၃ ဒသမ ၁၄၀၂)တန် စစ်ဆေးတွေ့ရှိပြီး ယာဉ်နောက်မှ လိုက်ပါလာသော KENBO 125 အမျိုး အစားအနက်ရောင် ဆိုင်ကယ်အား ဝေယံမိုးမောင်းနှင်ပြီး နောက်မှ ငြိမ်းချမ်းဦးလိုက်ပါလျက် တွေ့ရှိစစ်ဆေးရာ တမလန်းသစ်များ သစ်သယ်ဆောင်ရာ ကားနောက်သို့ လိုက်ပါလာခြင်းဖြစ်ကြောင်းသိရှိရပြီး တရားမဝင်တမလန်း သစ်များသယ်ဆောင်လာသူ ပြစ်မှုကျူးလွန်သူ (၅)ဦးနှင့်အတူ တမလန်းသစ်များဖမ်းဆီးရမိကြောင်း သိရသည်။

 

အဆိုပါ တရားမဝင်တမလန်းသစ်များ သယ်ဆောင်လာသူများဖြစ်သော နေဝင်းထွန်း ၊ ဖိုးဖြူ၊  မျိုးမျိုး ၊ ဝေယံမိုး၊  ငြိမ်းချမ်းဦးတို့အား ပင်လည်ဘူးမြို့နယ် ရဲစခန်းမှ အမှုဖွင့် ဆောင်ရွက်ထားကြောင်း မြို့နယ်ပြန်/ဆက်မှ သိရှိရသည်။

 

MDN