ပင်လည်ဘူးမြို့၌ အမျိုးသား လျှပ်စစ်ဓာတ်အား ရရှိရေး စီမံကိန်းဖြင့် ဆောင်ရွက်သော ၂၄ နာရီ ကျေးရွာလျှပ်စစ်မီးဖွင့်ပွဲကျင်းပ

ပင်လည်ဘူး ၂၃  စက်တင်ဘာ  


စစ်ကိုင်းတိုင်းဒေသကြီး  ကသာခရိုင်  ပင်လည်ဘူးမြို့နယ်တွင် အမျိုးသားလျှပ်စစ် ဓာတ်အားရရှိရေး (NEP  Phase -1) စီမံကိန်းဖြင့် ဆောင်ရွက်သော ၂၄ နာရီ ကျေးရွာလျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာ ၂၂ ရက် နံနက်ပိုင်းက ပင်လည်ဘူးမြို့နယ် ဇီးခုံကျေးရွာလျှပ်စစ်ဓာတ်အား ထရန်စဖော်မာရှေ့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။   


ရှေးဦးစွာ ဇီးခုံကျေးရွာ ၂၄ နာရီ ကျေးရွာလျှပ်စစ်မီးအား  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းနောင်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးခိုင်လင်းနိုင်၊ မြို့နယ်လျှပ်စစ်မှူး ဦးစန်းအောင်၊ ဇီးခုံကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးသန်းထွေးနှင့်ရပ်မိ ရပ်ဖ ဦးမြင့်လှိုင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။


ထို့နောက် ဇီးခုံကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျေးရွာပြည်သူများနှင့် တွေ့ဆုံကာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းနောင်က ၂၄ နာရီ ကျေးရွာလျှပ်စစ်မီးဖွင့်ပွဲနှင့် ပတ်သက်၍ အမှာစကား ပြောကြားပေးပြီး မြို့နယ်လျှပ်စစ်မှူးဦးစန်းအောင်က လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးနှင့် ပတ်သက်၍ ကျေးရွာပြည်သူများ လျှပ်စစ်မီး အသုံးပြုဆောင်ရွက်ရာတွင် သတိထားရမည့် အချက်များ၊ ရှောင်ရန် ဆောင်ရန်များနှင့် လျှပ်စစ် အန္တရာယ် ဖြစ်ပေါ်ပါက မြို့နယ်လျှပ်စစ်ရုံးနှင့် သက်ဆိုင်ရာဌာနများသို့ အမြန်ဆုံး ဆက်သွယ်အကြောင်းကြား ဆောင်ရွက်ရန် လျှပ်စစ်အန္တရာယ်များနှင့် ပတ်သက်၍ အသိပညာပေး ပြောကြားခဲ့ပြီး  ကျေးရွာပြည်သူတစ်ဦးက ကျေးဇူးတင်ဝမ်းသာစကား ပြောကြားခဲ့သည်။


ပင်လည်ဘူးမြို့နယ်တွင် အမျိုးသားလျှပ်စစ် ဓာတ်အားရရှိရေး (NEP  Phase -1) စီမံကိန်းဖြင့် ကျေးရွာများတွင် ၂၄ နာရီ လျှပ်စစ်မီးရရှိရေး ကျေးရွာ ၁၉ ရွာ ဆောင်ရွက်နေကြာင်း၊  ဇီးခုံကျေးရွာ၌ အမျိုးသားလျှပ်စစ် ဓာတ်အားရရှိရေး (NEP  Phase -1 ) စီမံကိန်းဖြင့် ပထမဦးဆုံး ၂၄ နာရီ လျှပ်စစ်ဓာတ်အား ဖွင့်လှစ်နိုင်ခြင်းဖြစ်ကြောင်း၊ ယခု ပင်လည်ဘူးမြို့နယ်တွင် ၂၄ နာရီ လျှပ်စစ်ဓာတ်အား ရရှိသည့်ကျေးရွာ ၆၆ ရွာ ရှိပြီဖြစ်ကြာင်း၊ မီးမရရှိသေးသည့် ကျေးရွာများကိုလည်း လျှပ်စစ်မီး မြန်မြန်ရရှိအောင် ဆောင်ရွက်နေကြောင်း မြို့နယ်လျှပ်စစ်မှူး ဦးစန်းအောင်က ပြောသည်။


''ကျွန်တော်တို့ရွာဟာ မြို့နှင့် ၇ မိုင်လောက် ဝေးပါတယ်။ အိမ်ခြေ ၄၅ အိမ်ရှိပြီး စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင် ဆောင်ရွက်ကြပါတယ်။ အခု ကျွန်တော်တို့ရွာမှာ ၂၄ နာရီ လျှပ်စစ်မီး ရရှိပြီဖြစ်သည့်အတွက် ချက်ပြုတ် စားသောက်စရာတွေလည်း အချိန်မရွေး ချက်ပြုတ်စားသောက်နိုင်ပါပြီ။ လျှပ်စစ်မီးရှိတော့ ညရေးညတာလည်း သွားလာလို့ အဆင်ပြေပါပြီ။ ရွာမှာရှိတဲ့ ကျောင်းသား ကျောင်းသူများလည်း ညစာကျက်သည့်အခါ လျှပ်စစ်မီးနှင့်ဆိုတော့ ကောင်းကောင်းစာကျက်လို့ရပါပြီ။ တစ်နေ့သာ ပင်ပန်းသမျှကိုလည်း  တီဗွီတို့ ဗွီဒီယိုတို့ကြည့်ပြီး အပန်းဖြေနိုင်ပြီဖြစ်သည့်အတွက် အခုလို ၂၄ နာရီလျှပ်စစ်မီး ရရှိအောင် ဆောင်ရွက်ပေးသော သက်ဆိုင်ရာ တာဝန်ရှိသူများအား အထူးပင် ကျေးဇူးတင်ရှိပါတယ်'' ဟု အခမ်းအနားသို့ တက်ရောက်လာသည့် ကျေးရွာပြည်သူတစ်ဦး၏ ရင်ထဲက ကျေးဇူးတင် ဝမ်းသာစကားကိုလည်းကြားသိရသည်။


အဆိုပါ မီးဖွင့်ပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းနောင်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးခိုင်လင်းနိုင်၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း မြို့နယ်လျှပ်စစ်မှူး ဦးစန်းအောင်နှင့် ဝန်ထမ်းများ၊ ကျေးရွာပြည်သူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


မျိုးလွင်(ပင်လည်ဘူး)