ပွင့်လင်းရာသီတွင် ကော့သောင်းနှင့်မြိတ်ကျွန်းစုတို့၌ အပန်းဖြေလေ့လာနိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေ

ရန်ကုန် စက်တင်ဘာ ၂၁

ကမ္ဘာလှည့်ခရီးသွားများနှင့် ပြည်တွင်းခရီးသွားများကို ဆွဲဆောင်လျက်ရှိသော တနင်္သာရီတိုင်း ဒေသကြီး ကော့သောင်းနှင့်မြိတ်ခရိုင်တို့တွင်ရှိသည့် ကျွန်းစုများ၌ ပွင့်လင်းရာသီတွင် ပြည်တွင်း/ပြည်ပ ခရီးသွားများ အပန်းဖြေလေ့လာနိုင်ရန် ကြိုတင်ပြင်ဆင်နေကြောင်း နေပြည်တော်ဟိုတယ်နှင့်ခရီး သွားလာရေး ညွှန်ကြားမှုဦးစီးဌာနမှသိရသည်။ 

ခရီးသွားရာသီသို့ ဝင်ရောက်ချိန်တွင် ကော့သောင်းခရိုင်နှင့် မြိတ်ခရိုင်အတွင်းရှိ ကျွန်းစုများ၌ ပြည်တွင်း/ပြည်ပ ခရီးသွားများ စတင်ဝင်ရောက်လေ့ရှိသည်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားချိန်မှစ၍ ခရီးသွားလုပ်ငန်းကျဆင်းခဲ့ရာ နိုင်ငံတော်မှ ခရီးသွားကဏ္ဍဖော်ဆောင်မှုဖြင့် ၂၀၂၂ ခုနှစ် ဧပြီ ၁၇ ရက်တွင် ပြည်တွင်း/ပြည်ပ လေကြောင်းလိုင်းနှင့် နိုင်ငံတစ်ဝန်းခရီးသွားကဏ္ဍကို ပြန်လည် ဖွင့်လှစ်ခဲ့သည်။ ကော့သောင်းနှင့် မြိတ်ကျွန်းစု အပန်းဖြေခရီးစဉ်တွင် ကနဦးအနေဖြင့် ပြည်တွင်း ခရီးသွားများ ဝင်ရောက်၍ နိုင်ငံခြားသားခရီးသွားများ ဆက်လက်လည်ပတ်နိုင်ရန် ဆောင်ရွက်ထား ကြောင်း၊ ကော့သောင်းနှင့်မြိတ်ကျွန်းစု အပန်းဖြေခရီးသွားလုပ်ငန်းတွင် ကိုဗစ်-၁၉ ကမ္ဘာ့ကပ် ရောဂါကြိုတင်ကာကွယ်ရေး အစီအမံများဖြင့် ခရီးသွားကဏ္ဍကိုဖွင့်လှစ်ရန် ပြင်ဆင်ဆောင်ရွက် ထားသည်။

မြိတ်ကျွန်းစု၌ ကျွန်းပေါင်း ၂၀၀ ကျော်ရှိ

တနင်္သာရီတိုင်းဒေသကြီးတွင် ကျွန်းပေါင်း ၈၀၀ ကျော်ရှိပြီး မြိတ်ကျွန်းစု၌ ကျွန်းပေါင်း ၂၀၀ ကျော်ရှိရာ မြန်မာနိုင်ငံတွင် တစ်ခုတည်းသော အဏ္ဏဝါဥယျာဉ်ဖြစ်သည့် လန်ပိကျွန်းတည်ရှိရာ ကျွန်းစုဖြစ်သည်။ အဏ္ဏဝါပညာရှင်များ သုတေသနပြုချက်အရ ကုန်းမြေနှင့်ရေစပ်တို့တွင် ပေါက်ရောက်သော အမြဲစိမ်းသစ်တောအမျိုးအစား ၁၉၅ မျိုး၊ ဒီရေတောနှင့်သဲခုံတောများတွင် ပေါက်ရောက်သည့် သဘာဝပေါက်ပင်အမျိုးအစား ၆၃ မျိုး ရှင်သန်ပေါက်ရောက်လျက်ရှိပြီး သန္တာကျောက်တန်းများ၌ နို့တိုက်သတ္တဝါ ၁၉ မျိုးနှင့် သွေးအေး/သွေးနွေး မျိုးစိတ်များ ရှင်သန်လျက်ရှိသည်။

ကော့သောင်းခရိုင်တွင် လန်ပိကျွန်း၊ ဗိုလ်ချိုကျွန်း၊ လှိုင်ဂူကျွန်း၊ စေတန်ကျွန်း၊ ကိုဖော့ကျွန်း၊ တောင်လပို့ကျွန်း၊ ညောင်ဦးဖီးကျွန်း၊ နတ်သမီးရေတွင်းကျွန်း၊ ဒုံးကျွန်း၊ ဒုံးရေတံခွန်ကျွန်း၊ ငမန်းကျွန်း၊ ၂၅၄နှင့် ၂၅၆ကျွန်း၊ မြန်မာဘမ်းကျွန်း၊ အောက်နီးကျွန်း၊ တောင်တော်ဝင်ကျွန်း၊ မြောက်တော်ဝင်ကျွန်း၊ ခရင်းခွကျွန်း၊ ကျွန်းဖီလာနှင့် နာနတ်သီးကျွန်းတို့သည် ပြည်တွင်း/ပြည်ပခရီးသွား အများဆုံး အပန်းဖြေ လည်ပတ်ရာကျွန်းများဖြစ်ပြီး မြိတ်ကျွန်းစုရှိကျွန်းများတွင် သဘာဝအလှနှင့် ပြည့်စုံသော သမီးလှကျွန်း၊ တောင်ပံကြီးကျွန်း၊ ဘေလီကျွန်းတို့ကို ခရီးသွားများနှစ်သက်လေ့ရှိကာ ကျွန်းဘုရင်(ခေါ်)လေးကျွန်းနှင့် စမတ်ကျွန်း(ခေါ်) ပါပကျွန်း၊ အသဲပုံကျွန်း၊ ၁၁၅ ကျွန်းနှင့် ဝအလယ် ကျွန်းတို့သည် အပန်းဖြေခရီးစဉ်တို့တွင် လူကြိုက်များနာမည်ကြီးသော နေရာများဖြစ်သည်။

မြိတ်ကျွန်းစုခရီးသွားလုပ်ငန်းကို ၂၀၁၄ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့ပြီး ၂၀၁၉ ခုနှစ်အထိ တနင်္သာရီတိုင်းဒေသကြီး ခရီးသွားလုပ်ငန်း တိုးတက်ကောင်းမွန်ခဲ့ကာ ရက်ရှည်ရုံးပိတ်ရက်တို့တွင် လာရောက်လည်ပတ်အပန်းဖြေသူ တစ်ရက်လျှင် ခရီးသွား ၂၀၀ မှ ၃၀၀ အထိရှိခဲ့ရာ ခရီးသွားများ အဆင်ပြေစေရန် Speed Boat နှင့် အမြန်ရေယာဉ်များပြေးဆွဲခြင်း၊ ဧည့်လမ်းညွှန်များက ခရီးသွားများ အန္တရာယ်ကင်းရှင်းစေရန်နှင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုမရှိစေရန် သက်ဆိုင်ရာဌာနဆိုင်ရာတို့၏ လမ်းညွှန်မှုနှင့်အညီ ဒေသခံများပူးပေါင်းဆောင်ရွက်မှုဖြင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုတိုးတက်မှုကို ဖော်ဆောင်ခဲ့ကြောင်း သိရသည်။
 
အသိအမှတ်ပြုတံဆိပ် ထုတ်ပေးထား

“ဒီနှစ်ပွင့်လင်းရာသီမှာ ခရီးသွားလုပ်ငန်းကို မျှော်လင့်ထားပါတယ်။ ပြည်တွင်းခရီးသွားနဲ့ စတင် ဖို့ရည်ရွယ်ထားတာကြောင့် ပြင်ဆင်နေပါတယ်။ ဟိုတယ်တွေဖွင့်လှစ်ထားပြီး အချို့လည်း ပွင့်လင်း ရာသီအတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။ တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ပြီး ခရီးသွားနိုင်ဖို့ ဝက်ဘ်ဆိုက်တွေ၊ မီဒီယာတွေမှာ ဖော်ပြထားတာရှိတယ်။ အဓိကဟိုတယ်တွေမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး သတ်မှတ်စည်းကမ်းနဲ့အညီ ယုံကြည်စွာ ဝန်ဆောင်မှုကိုလက်ခံနိုင်ဖို့ HSP နဲ့ညီညွတ်တဲ့ဟိုတယ်တွေကို နိုင်ငံတော်အဆင့် အသိအမှတ်ပြုတံဆိပ် ထုတ်ပေးထားတာကြောင့် ခရီးသွားတွေ စိတ်ချစွာတည်းခိုနိုင်အောင် ဆောင်ရွက်ထားတာရှိပါတယ်။ ဧည့်လမ်းညွှန်တွေကိုလည်း ကိုဗစ်-၁၉ ရောဂါကာကွယ်မှုနဲ့ ပတ်သက်ပြီးဌာနက သင်တန်းပို့ချပေးထားပါတယ်။ ဒါကြောင့် ခရီးသွားတွေအနေနဲ့ မိမိတို့ခရီးစဉ်ဒေသမှာ စိတ်လက်ပေါ့ပါးစွာ အပန်းဖြေတည်းခိုနိုင်အောင် ဆောင်ရွက်နေပါတယ်။ ကော့သောင်းနဲ့မြိတ်ကျွန်းစုဟာ အပန်းဖြေမှုနဲ့ လေ့လာရေးခရီးစဉ်နှစ်မျိုးရနိုင် တဲ့ အကောင်းဆုံးနေရာဆိုရင် မမှားပါဘူး”ဟု နေပြည်တော် ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြား မှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇေယျာမျိုးက ပြောသည်။

ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီး ဌာနအနေဖြင့် ၂၀၂၂ ခုနှစ် ဩဂုတ်လတွင် ဆိုးလ်မြို့ ၌ကျင်းပသော အပြည်ပြည်ဆိုင်ရာခရီးသွားပြပွဲတွင် နိုင်ငံကိုယ်စားပြုအဖြစ်လည်းကောင်း၊ ဗီယက်နမ် နိုင်ငံ၌ ကျင်းပသော ဟိုချီမင်းခရီးသွားပြပွဲတွင်လည်းကောင်း မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍအတွက် ဖိတ်ခေါ်ခဲ့ပြီး ၂၀၂၃ ခုနှစ် ခရီးသွားရာသီ၌ နိုင်ငံအတွင်း ခရီးသွားလည်ပတ်နိုင်ရန် တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

ကျွန်းစုများတွင် လာရောက်အပန်းဖြေလေ့လာကြသည့် ခရီးသွားများအနေဖြင့် Sea Gipsy ဟု တင်စားခေါ်ဝေါ်ကြသည့် ဆလုံလူမျိုးများ ကဗန်းလှေဖြင့် ပင်လယ်အတွင်း လှည့်လည်သွားလာ နေထိုင်သော လူနေမှုဘဝပုံစံများ၊ ပင်လယ်ပြင်နှင့် ကျွန်းစုများ၏သဘာဝအလှ၊ ပင်လယ်ရေအောက် သန္တာကျောက်တန်းများနှင့် ငါးမျိုးစိတ်များကို ရေငုပ်၍လေ့လာခြင်း၊ ငါးမျှားအပန်းဖြေခြင်း၊ ဝေလငါးနှင့် လင်းပိုင်များကိုလေ့လာခြင်း၊ ကျွန်းစုများတွင်ရှိသော ပင်လယ်လိပ်၊ ပင်လယ်ဖျံ၊ အောက်ချင်းငှက်၊ ပင်လယ်လိပ်ပြာ၊ မလိငှက်၊ ဇီဝစိုးငှက်နှင့် ငှက်မျိုးစိတ်များကို လာရောက်လေ့လာလေ့ရှိသည်။

ကမ္ဘာတွင် အကောင်းဆုံးရွှေရောင်ပုလဲထွက်ရှိရာ ကော့သောင်းနှင့်မြိတ်ကျွန်းစုသို့ ပွင့်လင်းရာသီ၌ ခရီးသွားများ ပိုမိုဝင်ရောက်လာရန် ရပ်ရွာအခြေ ပြုခရီးသွားလုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ ဧည့်လမ်းညွှန်များ၊ ရေယာဉ်မောင်းသူများနှင့် ဒေသခံများကလည်း မျှော်လင့်ထားကြောင်း သိရသည်။ 

ညိမ်းသူ(သတင်းစဉ်)၊ ဓာတ်ပုံ-ကနူး