ပွင့်လင်းရာသီနှင့်  မီးခိုးမြူညစ်ညမ်းမှု အန္တရာယ်

သီဟစည်သူ

ပွင့် လင်းရာသီကာလသို့   ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် တောမီးလောင်မှုများ၊ တောင်ယာမီးရှို့မှုများ၊ အမှိုက်သရိုက်မီးရှို့ခြင်းများနှင့် စက်ရုံအလုပ်ရုံများ၊ သယ်ယူပို့ဆောင်ရေးယာဉ်များ၊ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများမှ  ကျန်ရှိသည့် အကြွင်းအကျန်များ မီးရှို့ခြင်းတို့ကြောင့် ထွက်ရှိလာသည့် မီးခိုးမြူငွေ့ ညစ်ညမ်းမှုများဖြစ်ပေါ်နေသည့်သတင်းများကို နှစ်တိုင်းကဲ့သို့  ကြားသိမြင်တွေ့လာရပြီ ဖြစ်သည်။

ထိုသို့  မီးခိုးမြူညစ်ညမ်းမှုများသည် ခြောက်သွေ့ပွင့်လင်းရာသီဖြစ်သည့် ဖေဖော်ဝါရီ၊ မတ်၊ ဧပြီလများတွင် အများဆုံး ဖြစ်ပေါ်လေ့ရှိသည်။ လေထုညစ်ညမ်းမှုသည် လက်ရှိကမ္ဘာလုံးဆိုင်ရာ ပြဿနာတစ်ခုအဖြစ် ပါဝင်နေပြီး နယ်စပ် ဖြတ်ကျော် မီးခိုးမြူညစ်ညမ်းမှုပြဿနာသည် မိမိတို့မြန်မာနိုင်ငံ အပါအဝင် အာဆီယံနှင့် မဲခေါင်ဒေသတွင်း နိုင်ငံများ အကြား နှစ်စဉ်ပွင့်လင်းရာသီကာလသို့ ရောက်ရှိလာသည့်အချိန်တိုင်း အဆိုးရွား ဆုံး ရင်ဆိုင်ကြုံတွေ့ရလေ့ရှိသည့် ကျန်းမာရေးဆိုင်ရာ ပြဿနာတစ်ခုဖြစ်သည်။ လေထုညစ်ညမ်းမှုနှင့် ဆက်နွှယ်သော ကျန်းမာရေးပြဿနာများကြောင့် နှစ်စဉ်သန်းနှင့်ချီ၍ သေဆုံးနေကြရပြီး ရုပ်ကြွင်းလောင်စာများမှ လေထုညစ်ညမ်းမှုကြောင့် ကမ္ဘာတစ်ဝန်း တွင် နှစ်စဉ် လူ ၅ ဒသမ ၁ သန်းခန့် သေဆုံးနေကြောင်း လေ့လာမှုတစ်ခုအရ သိရသည်။ တစ်ချိန်တည်းတွင်ပင် ပတ်ဝန်းကျင်နှင့် အိမ်တွင်း လေထု ညစ်ညမ်းမှု၏ ပေါင်းစပ်သက်ရောက်မှုကြောင့် နှစ်စဉ်လူပေါင်း ၆ ဒသမ ၇ သန်း ခန့် သေဆုံးနေရသည်ဟု ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့(WHO)က ဆိုသည်။

 

ကမ္ဘာ့လေထုအရည်အသွေး အဆိုးရွားဆုံးနိုင်ငံ

 

မိမိတို့နိုင်ငံနှင့် အနီးပတ်ဝန်းကျင် အာရှနိုင်ငံများ၏ လေထုအရည်အသွေး အခြေအနေကို ဆန်းစစ်ကြည့်မည် ဆိုပါကလည်း ၂၀၂၃ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ပျမ်းမျှလေထု အရည်အသွေးသည် ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO) ဘေးကင်းရေး လမ်းညွှန်ချက်များထက် ၁၆ ဆနီးပါး ကျော်လွန်သွားခဲ့ပြီး ကမ္ဘာ့လေထု အရည်အသွေးမှာ အဆိုးရွားဆုံးနိုင်ငံ ဖြစ်လာခဲ့သည်။ အိန္ဒိယနိုင်ငံ တစ်ဝန်းတွင် လူဦးရေ ၁ ဒသမ ၃ ဘီလီယံ သို့မဟုတ် နိုင်ငံ့လူဦး ရေ၏ ၉၆ ရာခိုင်နှုန်းသည် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ လေထုအရည်အသွေး လမ်းညွှန်ချက်ထက် ခုနစ်ဆပိုမိုဆိုးရွားသောအခြေအနေတွင် နေထိုင်နေကြသည်ဟု ၂၀၂၄ ခုနှစ် မတ် ၁၉ ရက်က ထုတ်ပြန်ခဲ့သည့် IQAir ၏ အစီရင်ခံစာ သစ်တစ်ရပ်တွင် ဖော်ပြထားသည်။ အဆိုပါ အစီရင်ခံစာအရ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ အိန္ဒိယနှင့် တာဂျစ်ကစ္စတန်တို့သည် ကမ္ဘာပေါ်တွင် လေထုညစ်ညမ်း မှုအရှိဆုံး နိုင်ငံလေးနိုင်ငံတွင် ပါဝင်ပြီး ယင်းနိုင်ငံများ၌ လေထုညစ်ညမ်းမှု အများဆုံးမြို့ပေါင်း ၃၀ တွင် ၂၉ မြို့ ပါဝင်ခဲ့သည်။

အလားတူ ၂၀၂၃ ခုနှစ်အတွင်း ထိုင်းနိုင်ငံသား ၁၀ သန်းကျော်သည် လေထုညစ်ညမ်းမှုနှင့် ဆက်နွှယ်သည့် ဖျားနာမှုများအတွက် ဆေးကုသမှု ခံယူနေရကြောင်း ထိုင်းနိုင်ငံ အမျိုးသား စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေး ကောင်စီ(NESDC)မှ ထုတ်ပြန်သည့် အချက်အလက်များက ဖော်ပြသည်။ ထိုင်းနိုင်ငံ၌ ယခုနှစ်အစပိုင်းမှာပင် ဆိုးရွားသော မီးခိုးမြူများ ဖြစ်ပေါ်ခဲ့ သဖြင့် လေထုညစ်ညမ်းမှုနှင့် ဆက်စပ် သောရောဂါများ ဖြစ်ပွားမှုသည် ယခင် နှစ်များနှင့် နှိုင်းယှဉ်ပါက ပိုမိုများပြား ခဲ့သည်ဟုဆိုသည်။ လူဦးရေ ၇၂ သန်း ခန့်ရှိသည့် ထိုင်းနိုင်ငံတွင် ၂၀၂၃ ခုနှစ် ပထမကိုးပတ်တွင် လူဦးရေ ၁ ဒသမ ၃ သန်းမှ ၂၀၂၄ ခုနှစ် အစပိုင်းမှာပင် ၁ ဒသမ ၆ သန်းအထိ ညစ်ညမ်းမှုနှင့် ဆက်နွှယ်သော ဖျားနာမှုများအတွက် ဆေးရုံတက်ရောက်ခဲ့ရကြောင်း သိရသည်။

 

လေထုအရည်အသွေး လေ့လာဆန်းစစ်ချက်

 

မိမိတို့နိုင်ငံတွင်လည်း မတ် ၁၀ ရက်က ထုတ်ပြန်ခဲ့သည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၏ နိုင်ငံတစ်ဝန်း ဖေဖော်ဝါရီလအတွင်း ဝန်းကျင်လေထုအရည်အသွေးလေ့လာဆန်းစစ်ခြင်းနှင့် ပတ်သက်သည့် သတင်း ထုတ်ပြန်ချက်တွင်လည်း ရန်ကုန်တိုင်းဒေသကြီးတွင် သန်လျင်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးတွင် အမရပူရမြို့နယ်၊ အောင်မြေသာစံ မြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊ တနင်္သာရီ တိုင်းဒေသကြီးတွင် မြိတ်မြို့၊ ပဲခူးတိုင်း ဒေသကြီးတွင် ပဲခူးမြို့၊ ရှမ်းပြည်နယ်တွင် ကျိုင်းတုံမြို့တို့တွင် လေထုအရည် အသွေးအညွှန်းကိန်း အဝါရောင်နှင့် လိမ္မော်ရောင်အဆင့်များသို့ ရောက်ရှိနေ ပြီး ခံနိုင်ရည်နည်းပါးသော သက်ကြီး ရွယ်အိုနှင့် ကလေးသူငယ်များ၊ ကျန်းမာ ရေးမကောင်းသူများအတွက် ထိခိုက်နိုင်သည့် အခြေအနေများ ဖြစ်ပေါ်နေ ကြောင်း ဖော်ပြထားသည်။ ထို့ပြင် မကြာသေးမီရက်ပိုင်းအတွင်းက နယ်စပ်မြို့တစ်မြို့ဖြစ်သည့် တာချီလိတ်မြို့၏ ဝန်းကျင်လေထု အရည်အသွေးမှာ ခရမ်းရောင်အဆင့်ဖြစ်နေပြီး လေထုထဲတွင် လူကိုအန္တရာယ်ဖြစ်စေတတ်သော ကာဗွန်မိုနောက်ဆိုက်၊ နိုက်ထရိုဂျင်ဒိုင် အောက်ဆိုက်နှင့် ဆာလဖာဒိုင် အောက်ဆိုက်များ ရောနှောပါဝင်နေ သဖြင့် လေထုညစ်ညမ်းမှု ဖြစ်ပေါ်နေကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။

 

လေထုအရည်အသွေးညွှန်းကိန်း သတ်မှတ်ချက်

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ သတ်မှတ် ချက်အရ လေထုအရည်အသွေး ညွှန်းကိန်း (Air Quality Index- AQI)ကို ညွှန်းကိန်း သုညမှ ၅၀ အထိ ကောင်းမွန်သောအဆင့်(အစိမ်းရောင်)၊ ညွှန်းကိန်း ၅၁ မှ ၁၀၀ အထိ လက်ခံ နိုင်သောအခြေအနေ (အဝါရောင်)၊ ညွှန်းကိန်း ၁၀၁ မှ ၁၅၀ အထိ ကိုယ်ခံ အားနည်းသူများ၊ အဆုတ်ရောင်ရောဂါ ရှိသူများ၊ ကလေးနှင့် သက်ကြီးရွယ်အိုများတွင် ကျန်းမာရေးထိခိုက်နိုင်သည့် အဆင့် (လိမ္မော်ရောင်)၊ ညွှန်းကိန်း ၁၅၁ မှ ၂၀၀ အထိ လူတိုင်းကျန်းမာရေးထိခိုက် နိုင်သည့်အဆင့်(အနီရောင်)၊ ညွှန်းကိန်း ၂၀၁ မှ ၃၀၀ အထိ အလွန်ဆိုးရွားသည့် အဆင့်(ခရမ်းရောင်)နှင့် ညွှန်းကိန်း ၃၀၁ မှ ၅၀၀ အထိ ရောက်ရှိပါက ဘေးအန္တရာယ် ကျရောက်သည့် အဆင့် (နီညိုရောင်)အဖြစ် သတ်မှတ်ထားသည်။

 

မီးလောင်မှုအရေအတွက်

 

အာဆီယံ ရာသီဥတုစောင့်ကြည့် လေ့လာရေးဗဟိုဌာန (ASMC)၏ လေ့လာမှုများအရ ၂၀၂၃ ခုနှစ်အတွင်း မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့်ဖြစ်ပွားသော မီးလောင်မှု (Fire Hotspot) အရေအတွက် ၅၆၈၆၅ ကြိမ်ရှိပြီး ၂၀၂၄ ခုနှစ်အတွင်း ၂၀၆၆၀ အထိရှိကြောင်း ထုတ်ပြန်ထားသည်။ ၂၀၂၃ ခုနှစ်အတွင်း မီးလောင်မှုများ အနက် ရှမ်းပြည်နယ်မှ ၄၀ ရာခိုင်နှုန်း အထိ အများဆုံးပါဝင်သည်။

အာဆီယံဒေသအတွင်း နယ်စပ် ဖြတ်ကျော် မီးခိုးမြူများ ညစ်ညမ်းစေသည့် အဓိကအချက်တစ်ခုမှာ သစ်ဆွေးမြေဧရိယာများ ပိုင်ဆိုင်နေ ခြင်းပင်ဖြစ်သည်။ အာဆီယံသည် ကမ္ဘာလုံးဆိုင်ရာ အပူပိုင်းသစ်ဆွေး မြေများ၏ ၅၆ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ခဲ့သော်လည်း အရှေ့တောင်အာရှရှိ မြေဆွေးဧရိယာ ဟက်တာသုံးသန်းကျော်သည် မီးလောင်ကြောင့် ပျက်စီးသွားခဲ့ပြီဖြစ်သည်။ အရှေ့တောင်အာရှရှိ သစ်ဆွေးမြေဧရိယာစုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းကျော်သည် အင်ဒိုနီးရှားနိုင်ငံတွင်ရှိပြီး ကျန်သစ်ဆွေးမြေ ဧရိယာများမှာ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများတွင် တွေ့ရှိရသည်။

 

mdn

သစ်ဆွေးမြေ မီးလောင်မှုသည် လူသားတို့၏ ကျန်းမာရေး၊ အစားအစာ ထုတ်လုပ်မှုနှင့် ဇီဝမျိုးစုံမျိုးကွဲများကို ထိခိုက်စေသည့်အပြင် ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှုကိုလည်း ဖြစ်ပေါ်စေနိုင်သည်။ ထို့အတူ ရုပ်ကြွင်းလောင်စာများ လောင်ကျွမ်းခြင်းကြောင့် ဖြစ်ပေါ်လာသော ရာသီဥတုဆိုင်ရာ အကျပ်အတည်းများသည် လေထုညစ်ညမ်းမှု ဖြစ်ပေါ် လာစေရေး အဓိကအခန်းကဏ္ဍမှ ပါဝင် နေသည်ဟု IQAir အစီရင်ခံစာက ဆိုသည်။ ကမ္ဘာကြီးပူနွေးလာမှုသည် နိုင်ငံနှင့် ဒေသအများအပြားတွင် ပိုမိုပြင်းထန်သော တောမီးများဖြစ်ပေါ်စေပြီး မီးခိုးမြူဖုံးလွှမ်းရာသီများ ပိုရှည်လျားလာကာ လေထုညစ်ညမ်းမှုနှင့် ဆက်စပ်သော ကျန်းမာရေးပြဿနာများကို ပိုမိုဆိုးရွားလာစေလျက်ရှိသည်။ ထို့ကြောင့် ပွင့်လင်းရာသီကာလ မီးခိုးမြူငွေ့ညစ်ညမ်းမှုများကို လျှော့ချ နိုင်စေရေးအတွက် တောင်ယာစိုက်ခင်းများ မီးရှို့ခြင်းကိုရှောင်ရှားရန်၊ အမဲလိုက်ရာတွင် တောမီးရှို့ခြင်းများကို ရှောင်ရှားရန်၊ ရွှေ့ပြောင်းတောင်ယာအစား လှေကားထစ်စိုက်ပျိုးခြင်း၊ နေရာ အတည်တကျ စိုက်ပျိုးခြင်းစသည့် စိုက်ပျိုးရေးနည်း စနစ်များကို ပြောင်းလဲကျင့်သုံးရန်၊ ကာဗွန် ပိုမိုစုပ်ယူသိုလှောင်နိုင်စေရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးအတွက် သစ်ပင်များ ပိုမိုစိုက်ပျိုးရန်နှင့် အချင်းချင်းအသိပညာ မျှဝေခြင်းများ လုပ်ဆောင်သွားကြရမည်ဖြစ်သည်။ ။