ပင်လောင်း၌ အရန်သားဖွားဆရာမ (၆)လသင်တန်းဖွင့်ပွဲ အခမ်းအနားပြုလုပ်

ပင်လောင်း   ၂၈  ဇူလိုင်

 

ဝေးလံခက်ခဲသည့် နေရာဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှုများ ပိုမိုဆောင်ရွက်ပေး နိုင်ရေး နှင့် ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမမီနိုင်သော   အခက်အခဲရှိသည့် နေရာဒေသများတွင် ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်း၊ မွေးဖွားခြင်းနှင့်  မွေးဖွားပြီး စောင့်ရှောက်ခြင်းစသည့် မိခင်နှင့်ကလေး အခြေခံကျန်းမာရေး စောင့်ရှောက်မှုများနှင့် မိခင်နှင့်ကလေး သေဆုံးမှုနှုန်းလျော့ကျရေးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် မြို့နယ်ကုသရေး နှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ စေတနာ့ဝန်ထမ်း ကျန်းမာရေးလုပ်သားများဖြစ်သည့် အရန်သားဖွားဆရာမ (၆)လသင်တန်းကို ဇူလိုင်လ ၁၃ ရက်နေ့မှ စတင်၍ ဖွင့်လှစ်သင်ကြားပို့ချပေး လျက်ရှိသည်။

 

သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ပြီး၊ သင်တန်းတွင် မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာခင်သိန်းထွေးက အရန်သားဖွားဆရာမ သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်သည့် ရည်ရွယ်ချက်များ၊ အရန်သားဖွား လေ့ကျင့်မွေးထုတ်ရာတွင် အလေးထားဆောင်ရွက်ရမည့်အချက်များ၊ အရန်သားဖွားဆရာမများနှင့် သင်တန်းဆင်း အရပ်လက်သည်များအတွက် ဆောင်ရန်၊ရှောင်ရန်အချက်များ၊ အရန်သားဖွားဆရာမများ၏ တာဝန်နှင့်ဝတ္တရားများကို ရှင်းလင်းပြောကြားသည်။

 

အဆိုပါသင်တန်းသို့ ပင်လောင်းမြို့နယ်အတွင်းရှိ ဝေးလံခက်ခဲသည့် ကျေးရွာများမှ သင်တန်းသူ (၂၀)  တက်ရောက်ခဲ့ကြောင်း သိရသည်။

                                                                                                                       

ခွန်အာကာစိုး (ပင်လောင်း)