ပန်ဆိုင်း(ကြူကုတ်)မြို့ရှိ စားသောက်ဆိုင်များ လက်ဖက်ရည်ဆိုင်များ ပါဆယ်စနစ်ဖြင့် ရောင်းချရာ၌ စည်းကမ်းလိုက်နာခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ပန်ဆိုင်း ၂၉  အောက်တိုဘာ

မူဆယ်ခရိုင် ပန်ဆိုင်း(ကြူကုတ်)မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ရှမ်းပြည်နယ် စည်ပင်သာယာရေးကော်မတီ၏ ညွှန်ကြားချက်အရ စားသောက်ဆိုင်များနှင့် ဈေးဆိုင် များအား ပါဆယ်စနစ်ဖြင့် ရောင်းချစေလျက်ရှိရာ သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိကို ယနေ့နံနက်ပိုင်းက မြို့စည်ပင်သာယာရေးဌာနမှ ဦးစီးအရာရှိ ဦးနေမျိုးအောင်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးသည်။

 

မြို့စည်ပင်သာယာရေးဌာနမှ စက်တင်ဘာ ၂၅ ရက်ကစတင်၍ ထုတ်ပြန်ထားသော အမိန့်ကြေညာချက်၌ ပြည်တွင်းကူးစက်မှုဟု သုံးသပ်ရသည့် ကိုဗစ်-၁၉ ရောဂါ ဆင့်ပွားကူးစက်ခံရသူ များထဲတွင် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ၌ ဆိုင်ထိုင်စားသောက်ခြင်းမှ ကူးစက်ခံရသူ အရေအတွက်များစွာ ပါဝင်လာကြောင်း စိစစ်တွေ့ရှိရသည်။  ပန်ဆိုင်း(ကြူကုတ်)မြို့အတွင်းရှိ ပြည်သူ များ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု မရှိစေရေးနှင့်  လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ဆိုင်ထိုင် စားသောက်ခြင်းကို တားမြစ်ပြီး (Take-away) ပါဆယ်စနစ်ဖြင့်သာ ရောင်းချကြရန်အတွက် ညွှန်ကြား ထားခြင်းအပေါ် လိုက်နာမှုရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း မြို့စည်ပင်သာယာရေး ဌာနမှ ဦးစီးအရာရှိက ပြောကြားသည်။

 

အဆိုပါ အမိန့်ကြေညာချက်အား ဖြေလျော့ခြင်းမရှိသေးသည့်အတွက် ပန်ဆိုင်း(ကြူကုတ်) မြို့အတွင်းရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင် ရောင်းချနေသူများက ညွှန်ကြားချက်ပါအတိုင်း ဆက်လက် လိုက်နာဆောင်ရွက်ကြရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိသည့် စားသောက်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သန်းမိုးခိုင်(ပြန်/ဆက်)