ပန်ဆိုင်း(ကြူကုတ်)မြို့၊ ကျိန်စန်းကျော့ဂိတ်မှ ဝင်/ထွက်သွားလာသူများကို ကိုရိုနာဗိုင်းရစ်ပ် ကူးစက်မှု မရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေး

ပန်ဆိုင်း ၂၇ ဇန်နဝါရီ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၊ မြန်မာ-တရုတ်၊ နှစ်နိုင်ငံ အဝင်/အထွက်ဂိတ် ကျိန်စန်းကျော့ဂိတ်(ဟိုနောင်ဂိတ်)မှ အဆုတ်ရောင်ရောဂါ (ကိုရိုနာဗိုင်းရစ်ပ်) ကူးစက်မှုမရှိစေရေးအတွက် ဝင်/ထွက်သွားလာသူများကို ဇန်နဝါရီ ၂၇ ရက်နေ့ နံနက် ၉ နာရီခွဲ အချိန်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယပြည်နယ်မှူး ဒေါက်တာနန်းဆိုင်နွမ်းခမ်း ဦးဆောင်သည့် အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးသည်။

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယပြည်နယ်မှူး ဒေါက်တာ နန်းဆိုင်နွမ်းခမ်း ဦးဆောင်သည့် အဖွဲ့ဝင်များသည် ပန်ဆိုင်း(ကြူကုတ်)မြို့၊ ပြည်သူ့ဆေးရုံ၌ ကုသရေးဆိုင်ရာများကို ကြည့်ရှုစစ်ဆေးပြီး ပြည်သူ့ဆေးရုံ၌ အလုပ်လုပ်ကိုင်နေကြသည့် ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ကျန်းမာရေးလိုအပ်ချက်များကို မှာကြားသည်။

 

တရုတ်နိုင်ငံတွင် ဖြစ်ပွားလျက်ရှိသည့် အဆုတ်ရောင်ရောဂါ (ကိုရိုနာဗိုင်းရစ်ပ်)ကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နယ်စပ်ဂိတ်ပေါက်များမှ ကူးစက်ပြန့်ပွားလာခြင်းမရှိစေရန်အတွက် ဌာနဆိုင်ရာများနှင့် ကျန်းမားရေးဦးစီးဌာနတို့ပူးပေါင်း၍ မြန်မာ-တရုတ်နယ်စပ်ဂိတ်များမှ အဝင်/အထွက် သွားလာသူများကို ဇန်နဝါရီ ၂၆ ရက်နေ့မှ ကျန်းမာရေး စစ်ဆေးစနစ်တကျ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)