ပလင်းကမ်းသာယာ ဆင်စခန်းတွင် ဆင်အရိုးစုပြတိုက် တည်ဆောက်လျက်ရှိ

ညောင်ဦး   ၁၆  ဇွန်

 

မန္တလေးတိုင်းဒေသကြီး  ညောင်ဦးခရိုင်  ညောင်ဦးမြို့နယ်  ပုလင်းကျေးရွာအနီးရှိ  ပလင်းကမ်းသာယာ ဆင်စခန်းဝင်းအတွင်း ပြည်တွင်းပြည်ပခရီးသွား ဆင်ချစ်သူများ လာရောက်လေ့လာနိုင်ရန်၊ ဆင်တစ်ကောင်လုံးရှိ ဆင်ခန္ဓာ အစိတ်အပိုင်းများအကြောင်း လက်တွေ့လေ့လာနိုင်ရန် ဆင်အရိုးစုများကို ဆင်တစ်ကောင်ရပ်နေသည့် ပုံစံအတိုင်း ဆင်ပြတိုက်တည်ဆောက်လျက်ရှိကြောင်း  ပလင်းဆင်စခန်းတာဝန်ခံ (လက်ထောက်မန်နေဂျာ) ဦးမျိုးမင်းကို ထံမှ သိရသည်။

 

အဆိုပါ  ပလင်းကမ်းသာယာဆင်စခန်းသည်  သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန မြန်မာ့သစ်လုပ်ငန်း ချင်းတွင်းဖောင်ဖွဲ့ရေးဒေသအောက်ရှိ ညောင်ဦးဖောင်ဖွဲ့ရေးနယ် ပုလင်းကျေးရွာအနီး ညောင်ဦး-မြင်းခြံ-ပခုက္ကူ ကားလမ်းမကြီးမှ ဆင်စခန်းအတွင်း(၂)ဖာလုံခန့်သာ  ကွာဝေးကြောင်းသိရပြီး ညောင်ဦးမြို့နယ် မှ (၅)မိုင်သာကွာဝေးသည်။

 

 

ပြည်တွင်းပြည်ပခရီးသွားများ လွယ်ကူစွာ လာရောက်လေ့လာနိုင်စေရန်နှင့် ဆင်များ၏ သဘောသဘာဝများ၊ ဆင်တစ်ကောင်လုံးရှိ အရိုးဖွဲ့စည်းပုံနှင့် ဆင်တစ်ကောင် မတ်တပ်ရပ်လျက် အနေအထားအတိုင်း လေ့လာနိုင်ရန် ဆင်ဆရာဝန်များက အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဆင်တစ်ကောင်၏ အရိုးအစိတ်အပိုင်းများဖြစ်သော ဦးခေါင်းခွံ၊ သွား၊ လည်ပင်းရိုး၊ ရင်ပိုင်းရိုး၊ ကျောရိုးမ၊ မြီးညွန့်ရိုး၊ အမြီးရိုး၊ လက်ဖျံရိုး၊ လက်မောင်းရိုး၊ လက်ချောင်းရိုး(လက်ဆစ်ကလေးများ)၊ တင်ပါးဆုံရိုး၊ ပေါင်ရိုး၊ ခြေသလုံးရိုး၊ ခြေချောင်း (ခြေဆစ်ကလေးများ)  ဆင်တစ်ကောင်လုံးရှိ အရိုးအစိတ်အပိုင်များအား စုံလင်စွာပြသပေးသွားမည် ဖြစ်သည်။ အဆိုပါ ပြတိုက်တွင် ဆင်တစ်ကောင်၏ ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံကို အနီးကပ် လာရောက်လေ့လာနိုင်မည် ဖြစ်ကြောင်း  ဆင်အရိုးစု တည်ဆောက်နေသည့် ဆင်ဆရာဝန် ဒေါက်တာ သန်းစိုးက ရှင်းပြသည်။

 

 

ပလင်းကမ်းသာယာ ဆင်စခန်းဝင်းအတွင်းထားရှိမည့် ဆင်အရိုးစု ပြတိုက်ရှိဆင်သည် ဆင်မ မထွန်းဇော်၏ ခန္ဓာကိုယ် အရိုးစုများဖြစ်ပြီး အသက်အရွယ်အိုမင်းကာ (ဓမ္မတာအတိုင်းသေဆုံး)သည့် ဆင်မကြီးဖြစ်သည်။ မထွန်းဇော်၏ အရပ်အမြင့်သည် (၇ ပေ ၈ လက်မ)ရှိကြောင်းနှင့် ဆင်မကြီး  မထွန်းဇော်၏ မွေးသက္ကရာဇ်မှာ (၁၀.၂.၁၉၆၂)ခုနှစ်ဖြစ်ပြီး (၂၉.၇.၂၀၁၇)ခုနှစ်တွင် သေဆုံးကြောင်း ဆင်ဆရာဝန်ဒေါက်တာ အောင်မြင့်ထွန်းက ပြောပြသည်။

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန မြန်မာ့သစ်လုပ်ငန်း အနေဖြင့် ဆင်များအား ဆင်အခြေပြု မြန်မာ့ခရီးသွားလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာစေရန်၊ ဆင်များအား ကိုယ်တိုင်ကိုယ်ကျ အနီးကပ် လာရောက် လေ့လာနိုင်စေရန် ရည်ရွယ်ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ချင်းတွင်းဖောင်ဖွဲ့ရေးဒေသ (လက်ထောက်အထွေထွေမန်နေဂျာ) ဦးအောင်ဌေးက ပြောပြသည်။

 

ကိုထိန်၊ငါ့သရောက်