ပခုက္ကူ ၂၂ မတ်

 

ပခုက္ကူတက္ကသိုလ်တွင် မတ် ၁၈ ရက်မှ ၂၅ ရက်အထိ ဝိဇ္ဇာနှင့် သိပ္ပံဘာသာရပ်ဆိုင်ရာ အားလုံးဖြေဆိုကြရန် တက္ကသိုလ်ပညာရေးအဖွဲ့မှ ထုတ်ပြန်ကြေညာထားရာ ကမ္ဘာ့ကပ်ရောဂါ (COVID-19) ရောဂါကြောင့် ပခုက္ကူတက္ကသိုလ် ကျောင်းသားသမဂ္ဂမှ စာမေးပွဲကာလ ယာယီရွှေ့ဆိုင်းပေးရန် တောင်းဆိုခဲ့ကြသောကြောင့် (COVID-19) ရောဂါကို စိုးရိမ်၍ ဖြေဆိုလိုခြင်း မရှိသည့် ကျောင်းသား/ကျောင်းသူများအနေဖြင့် ဇွန်လပိုင်းတွင် ပြန်လည်ဖြေဆိုခွင့်ပြုရန် ထပ်မံထုတ်ပြန်ထားကြောင်း သိရသည်။

 

ပခုက္ကူတက္ကသိုလ်တွင် ဝိဇ္ဇာ/သိပ္ပံဘာသာရပ် ပေါင်းစုံ (၁၂)ခုရှိပြီး ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပထမနှစ်ဝက် စာမေးပွဲ မတ် ၁၈ ရက်တွင် ဖြေဆိုခွင့်ရှိသည့် ကျောင်းသား/ကျောင်းသူပေါင်း ၉၇၁၁ ဦးမှ ၉၆၁၉ ဦး ဝင်ရောက်ဖြေဆိုကြရာ ပျက်ကွက် ၉၂ ဦးရှိကြောင်း၊ ၁၉ ရက်နေ့တွင် ဖြေဆိုခွင့်ရှိသည့် ကျောင်းသား/ကျောင်းသူပေါင်း ၉၇၆၅ ဦးမှ ၉၆၆၄ ဦး ဝင်ရောက်ဖြေဆိုကြရာ ပျက်ကွက် ၁၀၁ ဦးရှိကြောင်း၊ ၂၀ ရက်နေ့တွင် ဖြေဆိုခွင့်ရှိသည့် ကျောင်းသား/ကျောင်းသူပေါင်း ၉၈၀၅ ဦးမှ ၉၆၉၅ ဦး ဝင်ရောက်ဖြေဆိုကြရာ ပျက်ကွက် ၁၁၀ ဦးရှိကြောင်း တက္ကသိုလ်သင်တန်းရေးရာဌာနမှ သိရသည်။

 

အဆိုပါ စာမေးပွဲဖြေဆိုသည့် ကျောင်းသား/ကျောင်းသူများအား (COVID-19)ရောဂါ ကြိုတင်ကာကွယ်ပေးသည့် လုပ်ငန်းများအဖြစ် စာမေးပွဲခန်းမဝင်မီ ပိုးသတ်ဆေးဖြင့် လက်ဆေးစေခြင်း၊ စာမေးပွဲခန်း၌ လက်ဆေးပုံးနှင့် ဆပ်ပြာချထားပေးခြင်း၊ Surgical Mask များ လိုက်လံဝေငှခြင်းများ ဆောင်ရွက်ကြပြီး စာမေးပွဲဖြေဆိုနေချိန်တွင်း နှာစေး၊ ချောင်းဆိုး၊ ဖျားနာခြင်းနှင့် ကိုယ်အပူချိန်မြင့်မားခြင်းများ ဖြစ်ပေါ်လာပါက တက္ကသိုလ်ဆေးပေးခန်းနှင့် စာမေးပွဲဇုံအတွင်း သီးသန့်စာဖြေခန်းတွင် ဖြေဆိုစေခြင်း၊ စာသင်ဆောင်များ၊ ကျောင်းတွင်းဆောင်များ၊ ဆရာ/ဆရာမ အိမ်ရာများ၊ ဝန်ထမ်းအိမ်ရာများ၊ သင်ကြား/စီမံရုံးဌာနများတွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်သည့် အသိပညာပေးစာစောင်များ၊ ဗီနိုင်းများကပ်ခြင်း၊ စာမေးပွဲဖြေခန်းများနှင့် အများသုံးရေလုံအိမ်သာများအား ပိုးသတ်ဆေးများ ပက်ဖျန်းခြင်းနှင့် အများပြည်သူ ဝင်/ထွက်သွားလာမှုများသည့် နေရာများ၊ ဝင်ပေါက်/ထွက်ပေါက်များတွင် လက်ဆေးပုံးနှင့် ဆပ်ပြာများ စီစဉ်ပြုလုပ်ထားကြကြောင်း သိရသည်။ 


     
ဆလိုင်းကိုကီး