ပခုက္ကူမြို့၊ 7 Colour သွပ်အမိုးပြားနှင့် ဆက်စပ်ပစ္စည်းထုတ်လုပ်ရေးစက်ရုံမှ သွပ်ပြားများ ဝယ်လိုအားနည်းပါး

ပခုက္ကူ  ဇန်နဝါရီ  ၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ စက်မှုဇုန်၊ မြစ်သာလမ်းရှိ 7 Colour သွပ်အမိုးပြားနှင့် ဆက်စပ်ပစ္စည်း ထုတ်လုပ်ရေး စက်ရုံမှ သွပ်ပြားချပ်ရေ ၁၂၀၀ ကျော်ခန့် လစဉ်ပုံမှန်လည်ပတ် ထုတ်လုပ်ပေးနိုင်သော်လည်း ဝယ်လိုအား နည်းပါးလာလျက်ရှိကြောင်း အဆိုပါစက်ရုံမှ သိရသည်။

7 Colour သွပ်အမိုးပြားနှင့် ဆက်စပ်ပစ္စည်း ထုတ်လုပ်ရေး စက်ရုံကို ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီ ၂၃ ရက်တွင် စတင်တည်ထောင်ခဲ့ပြီး သွပ်ပြားများ ထုတ်လုပ်နိုင်ရေး အတွက် ကုန်ကြမ်းပစ္စည်းများကို တရုတ်နိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့မှ ဝယ်ယူခဲ့ရကြောင်း၊ ထိုကုန်ကြမ်းများကို ကုန်ချောအဖြစ် လိုင်းဖော်ပြီး သွပ်အမိုးကာလာများ ထုတ်လုပ်ကာ ပြည်တွင်း၌သာ လက်လီ၊ လက်ကားစနစ်ဖြင့် ရောင်းချခြင်းဖြစ်ကြောင်း၊ စက်ရုံမှ တစ်လလျှင် သွပ်ပြားချပ်ရေ ၁၂၀၀ ကျော်ခန့် ပုံမှန်လည်ပတ် ထုတ်လုပ်ပေး နိုင်ခဲ့ပြီး ကာလတန်ဖိုးအနေဖြင့် မြန်မာငွေကျပ် ၈၄ ဒသမ ၅ သန်းခန့်ရှိကြောင်း၊ ကုန်ကြမ်းအဖြစ် သွပ်ပြားချပ် တစ်ပေကို ငွေကျပ် ၄၀၀ မှ ၅၀၀ ဝန်းကျင်အထိ ယခင်ကာလများတွင် ဝယ်ယူခဲ့ရပြီး ယခုကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု များပြားလာမှုနှင့်အတူ ပြည်ပနိုင်ငံများမှ ကုန်ကြမ်းတင်သွင်းမှု နည်းပါးလာကာ သွပ်ပြားချပ် တစ်ပေကို ငွေကျပ် ၁၀၀၀ ဝန်းကျင်ဖြင့် ဝယ်ယူရကြောင်း၊ ပြည်ပနိုင်ငံများမှ တင်သွင်းလာသည့် သွပ်ကုန်ကြမ်း တစ်တန်တွင် သွပ်ပြားချပ်အပါး ပေပေါင်း ၂၈၀၀ ကျော်နှင့် အထူပေပေါင်း ၂၀၀၀ နှင့် ၂၀၀၀ ကျော်ဝန်းကျင် ခန့်ရှိကြောင်း၊ ဝယ်ယူရရှိသည့် သွပ်ပြားများကို စက်ရုံမှ အပြာ၊ အနီ၊ အစိမ်း၊ လိမ္မော်၊ ချောကလက်နှင့် လိပ်ပြာ ကာလာစုံ ထုတ်လုပ်နိုင်ပြီး လာရောက်မှာယူ အပ်နှံသည့် သွပ်ပြား အမျိုးအစား၊ ကာလာနှင့် အတိုင်းအတာ (အလျား၊ အနံ) အပေါ် မူတည်ပြီး ထုတ်လုပ်ပေးခြင်းဖြစ်ကြောင်း၊ သွပ်ပြားကုန်ကြမ်း တစ်တန်တွင် ငွေကျပ် ၇၅၀၀၀ မှ ၈၀၀၀၀ အထိ အမြတ်ငွေရရှိခဲ့ကြောင်း၊ ယခင်ကာလများတွင် တစ်နှစ်လျှင် သွပ်ပြားကုန်ကြမ်း တန်ချိန် ၃၀ အထိ ဝယ်ယူခဲ့ရသော်လည်း ကိုဗစ်-၁၉ ရောဂါနှင့် အခြားအကြောင်း အမျိုးမျိုးတို့ကြောင့် ပြည်တွင်းသယ်ယူပို့ဆောင်ရေးနှင့် ခရီးသွားလာရေးလုပ်ငန်းများတွင် အခက်အခဲများနှင့် ကြုံတွေ့ရခြင်းနှင့်အတူ ပြည်ပနိုင်ငံများမှ သွပ်ပြားကုန်ကြမ်း ဝယ်ယူမှုနည်းပါးလာကြောင်း၊ စက်ရုံအနေဖြင့် သွပ်ပြားများ ကာလာစုံအလိုက် ပုံမှန်လည်ပတ်ထုတ်လုပ်ပေးနိုင်သော်လည်း သွပ်ပြားကုန်ချော ဈေးနှုန်းများ မြှင့်တက်လာခြင်း၊ ဝယ်ယူမှုပမာဏ ကျဆင်းလာခြင်းတို့ကြောင့် အမြတ်ငွေရရှိမှုလည်း နည်းပါးလာကြောင်း စက်ရုံတာဝန်ခံ ဦးမြင့်ရွှေ၏ ပြောပြချက်အရ သိရသည်။

ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)