ပါ့ခ်ကီဝန်၏ ပွဲဦးထွက်ပန်းချီကားများအားလုံး ရောင်းချခဲ့ရပြီးဖြစ်

တောင်ကိုရီးယားမင်းသားတစ်ဦးဖြစ်သူ ပါ့ခ်ကီဝန် ရေးဆွဲခဲ့တဲ့ ပန်းချီကားများကို ရောင်းချခဲ့ရာမှာ ပန်းချီကားတွေအားလုံး သုံးလအတွင်း ရောင်းကုန်ခဲ့ကြောင်း အောကေပေါ့ပ်ဒေါ့ကွန်းရဲ့ ရေးသား ဖော်ပြချက်တွေအရ သိရပါတယ်။

ပါ့ခ်ကီဝန်ဟာ သူ့ရဲ့ ပွဲဦးထွက်လက်ရာအဖြစ် ပန်းချီကား ၃၂ ကား ရေးဆွဲခဲ့ပြီး အဆိုပါပန်းချီကား တွေအားလုံး သုံးလအတွင်း အကုန်ရောင်းချခဲ့ရတာ ဖြစ်ပါတယ်။ ပါ့ခ်ကီဝန်ဟာ ပန်းချီစတင်ဆွဲသားခဲ့ပြီး နောက်သုံးလအတွင်းမှာပင် ပန်းချီပြပွဲနှစ်ကြိမ်ပြုလုပ်ခဲ့ရာ အဆိုပါပြပွဲတွေအပြီးမှာ သူ့ရဲ့ပန်းချီကားတွေ အားလုံး ရောင်းကုန်ခဲ့တာလည်း ဖြစ်ပါတယ်။

မတ်လအတွင်း ပန်းချီနယ်ပယ်ထဲကို စတင် ခြေချခဲ့တဲ့ ပါ့ခ်ကီဝန်ရဲ့ ပန်းချီကားတွေကို တာဝန်ယူ ဆောင်ရွက်ပေးနေတဲ့ မောင်တိန်မှဗ်မန့်ရဲ့ စီးအီအိုက ပါ့ခ်ကီဝန်ရဲ့ ပန်းချီပြပွဲကို ဇွန် ၁၉ ရက်က ဒုတိယ အကြိမ် ပြုလုပ်ခဲ့ကြောင်းနဲ့ သူ့ရဲ့ ပန်းချီကားအားလုံး ရောင်းချခဲ့ရပြီးဖြစ်ကြောင်း ဇွန် ၂၁ ရက်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ပါ့ခ်ကီဝန်ဟာ သူ့ရဲ့ ဆီဆေးပန်းချီကား Ego နဲ့ K-Art Award ဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အဲဒီလို ထူးချွန်ဆုရရှိခဲ့ပြီးနောက်ပါ့ခ်ကီဝန်ဟာ သူ့ရဲ့ပထမဆုံး ပန်းချီပြပွဲပြုလုပ်ဖို့ရာ စီစဉ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ပါကီဝန်ရဲ့ ပန်းချီလက်ရာအကြောင်းကို နေဗာကလည်း မှတ်တမ်းပြုရိုက်ကူး ထုတ်လွှင့်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ပါ့ခ်ကီဝန်ဟာ အလယ်တန်း၊ အထက်တန်း ကျောင်းသားဘဝမှသည် တက္ကသိုလ်အထိ ပန်းချီပညာကို လေ့လာကာ တစိုက်မတ်မတ်ဆွဲခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ သရုပ်ဆောင်တစ်ဦးအဖြစ် အသက်မွေးခဲ့ပြီး အဆိုပါလုပ်ငန်းကလည်း သူ့အတွက် အသုံးဝင်တဲ့လုပ်ငန်းတစ်ခုဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ပန်းချီဆရာတစ်ဦးအဖြစ် အသက်မွေးချိန်မှာလည်း သရုပ်ဆောင်လုပ်ငန်းက အတွေ့အကြုံတွေ ဟာ သူ့အတွက် အတော်လေးအထောက်အပံ့ဖြစ်စေခဲ့တယ်လို့ သိရပါတယ်။

အေးပြည့်