ပါကစ္စတန်နိုင်ငံ၌ မုတ်သုံမိုးရွာသွန်းမှု၊ ရေကြီးရေလျှံမှုတို့ကြောင့် သေဆုံးသူဦးရေ ၁၇၀၀ ရှိလာ

အောက်တိုဘာ ၇

 

ပါကစ္စတန်နိုင်ငံတွင် ဇွန်လလယ်ပိုင်းမှစတင်ကာ မုတ်သုံမိုးရွာသွန်းမှုနှင့်ရေကြီးရေလျှံမှုတို့ကြောင့် သေဆုံးသူဦးရေ ၁၇၀၀ အထိမြင့်တက်လာပြီး ၁၂၈၆၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့  (အင်န်ဒီအမ်အေ)က ယမန်နေ့ညက ပြောကြားသည်။

 

အဆိုပါမိုးသည်းထန်စွာရွာသွန်းမှုနှင့်ရေကြီးရေမှုတို့နှင့်ဆက်စပ်သည့်မတော်တဆမှုများကြောင့် သေဆုံးသူများတွင် ကလေး ၆၃၂ ဦး နှင့် အမျိုးသမီး ၃၄၀ ပါဝင်သည်ဟု အင်န်ဒီအမ်အေ၏ထုတ်ပြန်ချက်အရ သိရသည်။

 

နိုင်ငံတောင်ပိုင်းဆင်းဒ်ပြည်နယ်သည် မိုးသည်းထန်စွာရွာသွန်းမှုအဆိုးရွားဆုံးဒေသဖြစ်ပြီး ၇၆၃ ဦး သေဆုံးခဲ့သည်။ အနောက်တောင်ပိုင်း ဘာလိုချီစတန်ပြည်နယ်တွင် ၃၃၆ ဦး၊ အနောက်မြောက်ပိုင်း ခီဘာပါ့ထန်ဝါပြည်နယ်တွင် ၃၀၈ ဦးနှင့် အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ်တွင် ၂၂၁ ဦးသေဆုံးခဲ့သည်။

 

ထို့ပြင် နိုင်ငံတစ်ဝန်းတွင် နေအိမ် ၂၀၄၈၇၈၉ လုံးပျက်စီးခဲ့ပြီး မွေးမြူရေးတိရစ္ဆာန်အကောင်ရေ ၁၁၆၃၂၃၇ သေဆုံးခဲ့သည်ဟု သိရသည်။

 

အစိုးရအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများသည် ရေဘေးသင့်ဒေသများတွင် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိသည်ဟု အင်န်ဒီအမ်အေက ပြောကြားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို