ပိုးသတ်ဆေးအမျိုးပေါင်း(၆၃၈) မျိုးကို နည်းပညာအချက်အလက်များ အတည်ပြုနိုင်ရေးဆွေးနွေး

နေပြည်တော် ၆ ဇူလိုင်

ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ (၂၈) ကြိမ်မြောက်အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဉီးလှကျော်က စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံ ပိုလျှံရေးနှင့် ပြည်ပပို့ကုန်သီးနှံများကိုတိုးတက်ထုတ်လုပ်နိုင်ရေးတို့အတွက် ကြိုးပမ်း အကောင်အထည်ဖော်လျှက်ရှိ ရာသီးနှံအရည်အသွေးနှင့် အထွက်နှုန်းတိုးတက်ရေးသာမက စားသုံးသူဘေးကင်းလုံခြုံရေးနှင့် နိုင်ငံတကာစံချိန်စံညွှန်းမီထုတ်လုပ်နိုင်ရေးတို့အတွက် အရည်အသွေးစစ်မှန်သော ပိုးသတ်ဆေးများသုံစွဲရေး၊ အတုအပကင်းစင်ရေးနှင့် ပိုးသတ်ဆေးများတင်သွင်း၊ ထုတ်လုပ်၊ သိုလှောင်၊ ဖြန့်ချိမှုများကိုတရားဝင်ဆောင်ရွက်ရန် ထိန်းကျောင်းကြပ်မတ် ဆောင်ရွက်နေမှုအပေါ် ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ တောင်သူများနှင့် သက်ဆိုင်သူ အားလုံးတို့ကဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီတိကျစွာ လိုက်နာဆောင်ရွက်ပေးကြရန်လိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ အတွင်းရေးမှူးစိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ရမည့် လုပ်ငန်းတစ်ခုချင်းအလိုက် တင်ပြရာတက်ရောက်လာကြသူများက ပိုးသတ်ဆေးမှတ်ပုံတင်ခြင်း ကိစ္စရပ်နှင့် ပတ်သက်သောနည်းပညာအချက် အလက်များဆိုင်ရာများနှင့် အတည်ပြု ဆုံးဖြတ်နိုင်ရေး ဝိုင်းဝန်းဆွေးနွေးကြသည်။

ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့အနေဖြင့် ပိုးသတ်ဆေးမှတ်ပုံတင်ခြင်းလုပ်ငန်းများ၊ ပိုးသတ်မှိုင်း တိုက်ခွင့်လိုင်စင်၊ ပိုးသတ်ဆေးဖော်စပ်ရောင်းချခွင့်လိုင်စင်နှင့် ပိုးသတ်ဆေးပြန်လည် ထုပ်ပိုးခွင့်လိုင်စင်ခွင့်ပြုခြင်းများကို ပိုးသတ်ဆေးဥပဒေနှင့်အညီဆောင်ရွက် လျှက်ရှိရာ ၂၇ ကြိမ်မြောက် ပိုးသတ်ဆေးမှတ်ပုံတင် အစည်းအဝေးပြီးဆုံးသည့် ကာလအထိပိုးသတ်ဆေး (၃၃၅၃) မျိုးကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးယခုအစည်းအဝေးတွင် ပိုးသတ်ဆေးအမျိုးပေါင်း (၆၃၈)မျိုး၏ နည်းပညာ အချက်အလက်များကိုအတည်ပြုဆောင်ရွက်နိုင်ရေးဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ညီညီသန်း(နေပြည်တော်)
ဓါတ်ပုံ -စိုက်ပျိုးရေး