ပြိုင်ပွဲမှ ထွက်ရသော်လည်း သီချင်းများ ဆက်လုပ်သွားမည်ဖြစ်ကြောင်း နော်စေးစေးထူး ပြောကြား

ဒီဇင်ဘာ ၆ ရက်က ကျင်းပခဲ့သည့် မြန်မာအိုင်ဒေါလ်ပြိုင်ပွဲ Result Show တွင် ပရိသတ်များ၏ Voting ရလဒ်ကြောင့် ပြိုင်ပွဲမှ နှုတ်ဆက်ထွက်ခွာခဲ့ရသူ နော်စေးစေးထူးက သီချင်းများ ဆက်လုပ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။


"စေး ပြိုင်ပွဲပြိုင်နေချိန်မှာ facebook မသုံးဖြစ်ဘူး။ စေးရဲ့စိတ်က တစ်ယောက်ယောက်ရဲ့ Comment ကိုမြင်ရင် စိတ်မကောင်းဖြစ်တတ်တယ်။ ပရိသတ်နဲ့ အဆက်အသွယ်မပြတ်အောင်သာ ပုံတွေတင်နေတာပါ။ Bottom 3 ထိုင်ရတော့ စိတ်လှုပ်ရှားပေမယ့် ဘယ်သူမှတော့ မပြုတ်စေချင်ပါဘူး။ နောက်တစ်ဆင့်တက်ခွင့်ရရင်လည်း အကောင်းဆုံးပြင်ဆင်ထားတယ်။ ဒီကထွက်သွား ရရင်လည်း အနုပညာကို ဆက်လုပ်ခွင့်မရတာတော့ မဟုတ်ပါဘူး။ စေး နောက်ပိုင်းမှာလည်း သီချင်းတွေ အများကြီး လုပ်သွားဦးမှာပါ။ ရန်ကုန်အထိ လာပြိုင်ရတော့ အားငယ်တာတော့ ရှိတာပေါ့။ စေးမှာက မိဘမရှိပေမယ့် ဦးလေးက လာအားဖြည့်ပေးလို့လည်း ဦးလေးကို ကျေးဇူးတင်ပါတယ်၊ စေးရဲ့ အိပ်မက်ဖြစ်တဲ့ သီချင်းတွေကို ဆက်ဆိုသွားမှာပါ"ဟု နော်စေးစေးထူးက ပြောသည်။


နော်စေးစေးထူးသည် နိုဝင်ဘာ ၈ ရက်က ပြိုင်ပွဲတွင်လည်း ပရိသတ်၏ Voting ရလဒ် အနည်းဆုံးဖြစ်ခဲ့၍ ပြိုင်ပွဲမှ ထွက်ခွာရမည့်အခြေအနေ ဖြစ်ခဲ့သော်လည်း ဒိုင်သုံးဦးက တစ်ကြိမ်သာသုံးခွင့်ရှိသော Save လုပ်ခွင့်ကို အသုံးပြုကာ ကယ်တင်ခဲ့သည်။ မြန်မာအိုင်ဒေါလ်ပြိုင်ပွဲတွင် ထွက်ခွာသွားရပြီဖြစ်သော ပြိုင်ပွဲဝင်များထဲမှ တစ်ဦးအား Wildcard ဖြင့် ပြန်လည်ခေါ်ယူမည့် အစီအစဉ်လည်း ကျန်ရှိနေသေးသည်။ ပြိုင်ပွဲတွင် လတ်တလော ကျန်ရှိသူ Top 5 ငါးဦးဖြစ်သည့် ဘင်ဂျမင်ဆမ်၊ ယောကီး၊ အက်စတာ၊ မူးလာနှင့် အေးမြဖြူတို့အနေဖြင့် ဒီဇင်ဘာ ၁၂ ရက်တွင် ထင်ရှားကျော်ကြား တေးသီချင်းများဖြင့် သီဆိုယှဉ်ပြိုင်ရန် ပြင်ဆင်နေကြောင်း သိရသည်။

ကိုလင်း