ပိုင်ကျုံမြို့ မိုးနိုင်းချောင်းကူးကွန်ကရစ်တံတား ဖွင့်ပွဲကျင်းပ

ပိုင်ကျုံ  ၂  ဇူလိုင်

 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန၊ မိုးနိုင်းချောင်းကူး ကွန်ကရစ်တံတားဖွင့်ပွဲကို ဇူလိုင် ၁ ရက် နံနက်ပိုင်းက ပိုင်ကျုံမြို့ မိုးနိုင်ကျေးရွာ၌ ကျင်းပသည်။

 

တံတားဖွင့်ပွဲတွင် ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဦးစောမြင့်ဦးက အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်နိုင်ထွန်းက တံတားနှင့်ပတ်သက်သည့် အချက်အလက်များအား ရှင်းလင်းပြောကြားကာ ဒေသခံတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

 

ထို့နောက် အဆိုပါတံတားကိုတည်ဆောက်သည့် Universal Sky Top Co.Ltd မှ တာဝန်ရှိသူတစ်ဦးက တံတားဆိုင်ရာ အချက်အလက်များအား ပြည်နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ပြီး ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးစောမြင့်ဦး၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးကြီးမျိုးမင်းနောင်၊ အဖွဲ့ဝင် (၄) ဦးစောခင်မောင်မြင့်၊ အခြေချ (လှိုင်းဘွဲ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးစံထူးကျော်နှင့် နယ်ခြားစောင့်တပ်များ ကွပ်ကဲရေးနှင့် ဗဟိုအကြံပေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဂုဏ်ထူးဆောင် ဗိုလ်မှူးကြီးစောဖါးနွီးတို့က  ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြကာ ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်း၍ တံတားပေါ်မှ ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

 

ယနေ့ဖွင့်လှစ်သည့် မိုးနိုင်းချောင်းကူးတံတားသည် အရှည် ၁၅၂ မီတာ၊ အကျယ် ၄ ဒသမ ၇ မီတာရှိ Submersible Bridge အမျိုးအစားဖြစ်ပြီး Japan Infrastructure Parters (JIP) ၏ စီမံမှုဖြင့် ဂျပန်နိုင်ငံအစိုးရနှင့် ပြည်သူတို့၏ အသေးစားစီမံကိန်းများ ထောက်ပံ့ရေးအစီအစဉ်မှ ငွေကျပ် ၄၉၈ သန်းဖြင့် တည်ဆောက်ခြင်းဖြစ်ကာ ပိုင်ကျုံမြို့၊ မိုးနိုင်းကျေးရွာနှင့် ပတ်ဝန်ကျင်ကျေးရွာ (၁၁) ရှိ ဒေသခံပြည်သူများအား အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)