“ပိုးလမ်းမရုပ်ရှင်ပွဲတော်” တက်ဟုန်းအပြည်ပြည်ဆိုင်ရာ Micro Film ပြိုင်ပွဲအတွက် HD ရုပ်သံများဖိတ်ခေါ်

ရန်ကုန် ၁၇ ဇန်နဝါရီ


ပိုးလမ်းမရုပ်ရှင်ပွဲတော်” အပြည်ပြည်ဆိုင်ရာ Micro Film ပြိုင်ပွဲကို ဖေဖော်ဝါရီ ၇ ရက်မှ ၁၀ ရက်အထိ နေ့စဉ် နံနက် ၉နာရီမှ ညနေ ၅ နာရီထိ တရုတ်နိုင်ငံ ယူနန် ပြည်နယ် တက်ဟုန်းပြည်နယ်ခွဲ မန်စီမြို့၌ ကျင်းပမည် ဖြစ်ရာ ပြိုင်ပွဲဝင်ရုပ်သံဖိုင်များ ပေးပို့ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။

 

 “ပိုးလမ်းမရုပ်ရှင်ပွဲတော်” ကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် တက်ဟုန်းပြည်နယ်ခွဲ မန်စီမြို့တွင် ၂၀၁၈ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပလျက်ရှိရာ ပထမအကြိမ်ကို ၂၀၁၈ ခုနှစ် မတ် ၁ ရက်မှ ၃ ရက်အထိနှင့် ဒုတိယအကြိမ် ကို ၂၀၁၉ ခုနှစ် ဧပြီ ၁၁ ရက်မှ ၁၄ ရက်အထိ ကျင်းပခဲ့ပြီး ယခုတတိယအကြိမ် ကျင်းပမည့်ပြိုင်ပွဲကို ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။

ပထမအကြိမ် ကျင်းပခဲ့စဉ် မြန်မာကိုရီးယားနိုင်ငံနှင့် တရုတ်(တိုင်ပေ) တို့အပြင် အခြား ၁၀ နိုင်ငံ ပါဝင်ခဲ့ကြောင်း၊ ဒုတိယအကြိမ်တွင် မြန်မာ၊ ထိုင်း၊ အမေရိကန်၊ ကနေဒါ၊ ကိုရီးယား၊ ရုရှား၊ ပြင်သစ်၊ ဂျပန်၊ နီပေါ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ လာအိုနိုင်ငံတို့နှင့် ဟောင်ကောင်၊ တရုတ်(တိုင်ပေ) တို့ ပါဝင်ခဲ့ကြောင်းသိရသည်။

 “ပိုးလမ်းမရုပ်ရှင်ပွဲတော်” တက်ဟုန်းအပြည်ပြည် ဆိုင်ရာ Micro Film ပြိုင်ပွဲအတွက် Micro Film (ကွန်ရက်လွှင့်ရုပ်ရှင်အပါအဝင်) Micro မှတ်တမ်းရုပ်ရှင်၊ Micro ကာတွန်းရုပ်ရှင်၊ Micro Image Publicity ကြော်ငြာနှင့် Public Service Advertises (PSAs) အများပြည်သူ ဝန်ဆောင်မှုကြော်ငြာ ပုံစံငါးမျိုးဖြင့် ၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း ရိုက်ကူးထားသည့် လက်ရာများ ပါဝင်ယှဉ်ပြိုင်နိုင်ပြီး ပေးပို့မှုများနှင့်ပတ်သက်၍၊ မူပိုင်ခွင့် နှင့်ပတ်သက်၍ တာဝန်ယူရမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်လက်ရာများကို 4 GB ထက် မကျော်လွန်စေဘဲ MOVH264 Video DecodingMPGMP4RMVBAVIMainstream Player များဖြင့် ထုတ်လွှင့်နိုင်သော HD အဖြစ် သတ်မှတ်ပေးကြောင်း သိရသည်။

 

အဆိုပါ ရုပ်သံဖိုင်များကို တက်ဟုန်းပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်း မြန်မာနိုင်ငံ ကိုယ်စားလှယ်ရုံး (ရန်ကုန်) အမှတ်(၃၃) လောကနတ်အိမ်ရာ ပါရမီလမ်း လှိုင်မြို့နယ် ရန်ကုန်မြို့ ဦးဝမ်ကျင့်ယွိ ဖုန်း ၀၉-၈၉၁၅၀၄၁၆၉ သို့လည်းကောင်း၊ ရုပ်ရှင်အနုပညာ ရပ်ဝန်း၊ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ အမှတ်(၅၀) ရွှေတောင်ကြားလမ်း ဗဟန်းမြို့နယ် ရန်ကုန်မြို့ ဖုန်း ၀၁- ၅၃၄၅၇၄ သို့လည်းကောင်း၊ တက်ဟုန်း ပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်း မြန်မာနိုင်ငံ ကိုယ်စားလှယ်ရုံး (မန္တလေးရုံး) အမှတ် (ဓ-၉/၆၃-၇၀)၊ ၄၃လမ်း၊ ၆၅ လမ်းနှင့် ၆၆ လမ်းကြား မဟာအောင်မြေ မြို့နယ် မန္တလေးမြို့ မခင်စန်းယဉ် ဖုန်း ၀၉- ၄၂၆၈၀၂၀၂၁ သို့လည်းကောင်း ဆက်သွယ်ပြီး ဇန်နဝါရီ ၂၈ ရက် နောက်ဆုံးထား၍ ပေးပို့ကြရန် နှိုးဆော်ထား ကြောင်းသိရသည်။

မျိုးကျော်အောင်(FDC)