ပိတ်ရက် ၄ ရက်တွင် မြန်မာနိုင်ငံအနှံ့ရှိ တန်ခိုးကြီးဘုရားစေတီနှင့် အပန်းဖြေနေရာများတွင် အပန်းဖြေ လာရောက်သူများဖြင့် စည်ကားလျက်ရှိ

နေပြည်တော် ၂ မတ်

 

တပေါင်းလပြည့်နေ့၊ တောင်သူလယ်သမားနေ့နှင့် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်တို့ ဆက်ကာ ပိတ်ရက် ၄ ရက် ဆက်တိုက် ရရှိသည့်အတွက် ပြည်သူများအနေဖြင့် မိသားစုလိုက်သော် လည်းကောင်း၊ အပေါင်းအသင်းများနှင့် အုပ်စုဖွဲ့၍ သော်လည်းကောင်း နိုင်ငံတစ်ဝန်းရှိ တန်ခိုးကြီး ဘုရားများနှင့် အပန်းဖြေနေရာများတွင် အပန်းဖြေ သွားရောက်ဘုရားဖူးသူ ပြည်တွင်း/ပြည်ပခရီးသွားများဖြင့် စည်ကားလျက်ရှိသည်။

 

 

 

ရန်ကုန်မြို့၏ အထင်ကရ ဘုရားစေတီများနှင့် အပန်းဖြေစရာနေရာများတွင် လာရောက် အပန်းဖြေသူများ၊ ဘုရားဖူး ပြည်သူများဖြင့် စည်ကားလျက်ရှိရာ ရွှေတိဂုံဘုရား တောင်ဘက်မုခ်ရှိ ဦးဥတ္တမ ပန်းခြံတွင်လည်း လာရောက် အပန်းဖြေသူများဖြင့် စည်ကားလျက်ရှိကို တွေ့ရသည်။

 

 

 

ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်သည့် မန္တလေးမြို့၏ ကုသိုလ်တော်ဘုရားတွင်  နိုင်ငံခြားသား ဘုရားဖူးများ ပိုမိုလာရောက် လျက်ရှိကြပြီး ပြည်တွင်းဘုရားဖူးများလည်း များပြားကြောင်း သိရသည်။  ထို့အပြင် မန္တလေးမြို့ ဒုဌဝတီမြစ်ကမ်းနံဘေးတွင် ကျင်းပသည့်သမိုင်းဝင် ရွှေစာရံဘုရားပွဲနှင့်လည်း တိုက်ဆိုင်နေသည့်အတွက် ဘုရားဖူး ပြည်သူများ စည်ကားများပြား လျက်ရှိသည်။

 

 

 

စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်ရှိ သမိုင်းဝင် တန်ခိုးကြီး ဇလုံတောင်တော်ဘုရား၌ ရပ်ဝေးရပ်နီးမှ ဝန်ထမ်းမိသားစု ဘုရားဖူး ဧည့်သည်များဖြင့် ယခင်နေ့များကထက် မတ် ၂ ရက်နေ့တွင် ပိုမိုစည်ကားလျှက် ရှိနေသည်။

 

 

 

ယခုနှစ်တွင် ရခိုင်ပြည်နယ် သံတွဲမြို့ ငပလီကမ်းခြေတွင် ဒုတိယအကြိမ်မြောက် အဖြစ် ကျင်းပသည့် ရခိုင်ရိုးရာ သျှစ်သောင်းမြှောက်ပွဲကို ဒွါရာဝတီ လူငယ်အဖွဲ့က ဦးဆောင် ကျင်းပခဲ့ကြရာ ပါဝင်ဆင်နွှဲသူ လေးထောင် နီးပါးခန့်ရှိကြောင်း သိရသည်။

 

 

 

မိမိတို့ ပူဇော်လိုသည့် စေတီ၊ ဘုရားဆင်းတုတော်ပုံများကို သဲများစုပုံပြီး တည်ကာ ရခိုင်ရိုးရာသျှစ်သောင်း မြှောက်ပွဲကို ကျင်းပကြခြင်းဖြစ်ပြီး ယခုရက်ပိုင်းတွင် ရုံးပိတ်ရက် လေးရက် ဆက်တိုက်ဖြစ်နေသဖြင့် ငပလီကမ်းခြေသို့ လာရောက်သူများပြာပြီး သျှက်သောင်းမြှောက်ပွဲလဲ အထူးစည်ကားကြောင်း သိရသည်။

 

MDN