ပီရူးနိုင်ငံတွင် ယာဉ်မတော်တဆမှုဖြစ်ပွား ၁၀ ဦး သေဆုံး

၆ ဖေဖော်ဝါရီ

 

ပီရူးနိုင်ငံတောင်ပိုင်း  အရီကွစ်ပါ ဒေသတွင် ယမန်နေ့က  ဘတ်စ်ကား နှင့် ကုန်တင်ကားတို့  တိုက်မိခဲ့ရာ လူ ၁၀ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသန္တရ အာဏာပိုင်များက ပြောကြားခဲ့သည်။

 

ပန်-အမေရိက အဝေးပြေးလမ်းမ၏ ၉၅၇ ကီလိုမီတာအကွာတွင် ဒေသစံတော်ချိန် မနက် ၅ နာရီ ၄၀ ခန့်က လာဂျိုယာ ခရိုင်တွင်  ထိုယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

အရီကွစ်ပါဒေသ ဗစ်တာခရိုင်ရှိ ရူမယို တွင် လယ်ယာလုပ်ငန်းများလုပ်ကိုင်ရန် အယ်လ် ထရွန်ဖို ကျေးရွာမှ လယ်လုပ်သမား အများအပြားကို တင်ဆောင်လာသော ဘတ်စ်ကားသည် ကုန်တင်ကားနှင့် ခေါင်းချင်းဆိုင် တိုက်မိခဲ့ခြင်း ဖြစ်သည်။

 

အဆိုပါ ယာဉ်မတော်တဆမှုကြောင့် ခြောက်ဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး အခြားလေးဦးမှာ ဆေးရုံတွင် ကုသမှုခံယူစဉ် သေဆုံးခဲ့ကြောင်း ဒေသန္တရမီဒီယာက သတင်းဖော်ပြထားသည်။

 

ဒေသန္တရအာဏာပိုင်များက ထိုယာဉ်တိုက်မှုဖြစ်ပွားရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးဆဲ ဖြစ်သည်။

 

ဒေသန္တရ တာဝန်ရှိသူများ၏ ပြောကြားချက်အရ ဘတ်စ်ကားမောင်းသူမှာ အသက် ၂၇ နှစ်အရွယ် ရီ ပါချာပူးမာ ဖြစ်သည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်- မြင့်မြင့်ချို