ပီရူးနိုင်ငံ၌ မျောက်ကျောက်ရောဂါကူးစက်ခံရသူ ၁၅ ဦး ရှိလာ

ဇူလိုင် ၅

ပီရူးနိုင်ငံတွင် မကြာသေးမီရက်များအတွင်း မျောက်ကျောက်ရောဂါကူးစက်ခံရသူ ၁၂ ဦး ထပ်မံတွေ့ရှိခဲ့ပြီး မျောက်ကျောက်ရောဂါဖြစ်ပွားသူပေါင်း ၁၅ ဦးအထိ ရှိလာကြောင်း ကျန်းမာရေးဝန်ကြီး ဂျော်ဂီလိုပက်ဇ်က ယမန်နေ့ကပြောကြားသည်။

အဆိုပါရောဂါကူးစက်ခံရသူများသည် အသက် ၂၀ နှင့် ၃၉ နှစ်ကြားအရွယ်များဖြစ်ပြီး ခရိုင် ၅ ခုတွင် နေထိုင်သူများဖြစ်သည်ဟု သတင်းစာရှင်းလင်းပွဲတစ်ခု၌ လိုပက်ဇ်က ပြောကြားသည်။

ထိုရောဂါကူးစက်ခံရသူအားလုံးသည် စိုးရိမ်ဖွယ်ရာအခြေအနေမရှိကြောင်းနှင့် ကျန်းမာရေးဆိုင်ရာပုဂိ္ဂုလ်များ၏ လမ်းညွှန်ချက်နှင့်အညီ ၎င်းတို့၏နေအိမ်မှာပင်နေထိုင်ကြသည်ဟု ၎င်းကဆိုသည်။

မျောက်ကျောက်ရောဂါကူးစက်ခံရသူများနှင့်ထိတွေ့မှုရှိသူအားလုံးကို ကျန်းမာရေးဝန်ကြီးဌာနက စောင့်ကြည့်လျက် ရှိကြောင်း ၎င်းက ထပ်လောင်းပြောသည်။

ကျန်းမာရေးဝန်ကြီးဌာနသည်   လိုအပ်သောကြိုတင်ကာကွယ်ရေးနှင့်ထိန်းချုပ်ရေးအစီအမံများကို ချမှတ်ခဲ့ပြီး ကူးစက်ရောဂါစောင့်ကြည့်ရေးနှင့် စုံစမ်းစစ်ဆေးရေးစနစ် အားကောင်းစေရန်အလို့ငှာကျန်းမာရေးသတိပေးချက်ကို မကြာသေးမီက ထုတ်ပြန်ခဲ့သည်။

ထိုနိုင်ငံတွင် ဇွန် ၂၆ ရက်က မျောက်ကျောက်ရောဂါကူးစက်ခံရသူတစ်ဦးကို ပထမဆုံးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ၎င်းသည် မြို့တောင်လီမာတွင်နေထိုင်သော နိုင်ငံခြားသားတစ်ဦးဖြစ်ပြီး အခြားနိုင်ငံများမှ လူများဖြင့် ထိတွေ့မှုရှိသူဖြစ်သည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို