ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံဖြစ်စေရန်အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲတို့မှာ မရှိမဖြစ်အခြေခံများဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်ကပြောကြား

(၂၄-၁၀-၂၀၂၀ ရက်၊ နယူးယောက်)

(၇၅) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီ ( လူမှုရေး၊ လူသားချင်း စာနာမှုနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ) ၏ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေး ဘာသာရပ်ဆိုင်ရာ အစည်းအဝေး များကို ၂၃-၁၀-၂၀၂၀ ရက်နေ့တွင် virtual ပုံစံဖြင့် ဆက်လက်ပြုလုပ်လျက် ရှိပါသည်။ ယင်းအစည်းအဝေးတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် Ms. Christine Bugener မှ အတွင်းရေးမှူးချုပ်၏ အစီရင်ခံစာအား ကော်မတီသို့ တင်သွင်းခဲ့ပါသည်။

အတွင်းရေးမှူးချုပ်၏ အစီရင်ခံစာနှင့် ပတ်သက်ပြီး အပြန်အလှန် ဆွေးနွေးမှု ပြုလုပ်ရာတွင် မြန်မာအမြဲတမ်းကိုယ်စားလှယ်က သက်ဆိုင်ရာနိုင်ငံအနေဖြင့် မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ ပါသည်။ အဆိုပါမိန့်ခွန်းတွင် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်၏ ရလဒ်များ၊ လွတ်လပ် ၊ မျှတပြီး ပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲ ဖြစ်စေရန် အတွက် ဆောင်ရွက်ချက်များအပြင် ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်ပြီး အစိုးရအနေဖြင့် ဆောင်ရွက်ချက်များအား ထည့်သွင်းပြောကြား ခဲ့ပါသည်။ ရခိုင်ပြည်နယ်အရေးကိစ္စ နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ အနေဖြင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များ၊ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာအား အကောင်အထည်ဖော်နေမှု၊ ရခိုင်ပြည်နယ် အတွင်း ကိုဗစ်-၁၉ ကူးစက်မြန် ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး၊ လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့များကို အချိန်မီပံ့ပိုးပေးနိုင်ရေးတို့အတွက် ဆောင်ရွက်နေသည်များကိုလည်း ထည့်သွင်းပြောကြား ခဲ့ပါသည်။ ထို့ပြင် ကုလသမဂ္ဂမှ တာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့် သမာဓိ ရှိခြင်း၊ တာဝန်နှင့် လုပ်ငန်းကျွမ်း ကျင်ပိုင်နိုင်ခြင်းနှင့် မတူကွဲပြားမှုအား လေးစားတန်ဖိုးထား တတ်ခြင်းဆိုသည့် အခြေခံမူများကို လေးစားရန် လိုအပ်ကြောင်းနှင့် မိမိတို့ အနေဖြင့် အထူးကိုယ်စားလှယ်၏ အခန်းကဏ္ဍအား အသိအမှတ် ပြုပါကြောင်းကိုလည်း ပြောကြားခဲ့ ပါသည်။

အမြဲတမ်းကိုယ်စားလှယ်က မြန်မာနိုင်ငံအနေဖြင့် ပြည်သူတရပ်လုံးက လိုလားသည့် လွတ်လပ်ပြီး တရားမျှတသော ပြည်သူတစ်ရပ်လုံး တန်းတူရည်တူရှိသော ဒီမိုကရေစီ ဖယ်ဒရယ်စနစ် အကောင်အထည်ဖော်ရေးကို မမှိတ်မသုန် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း နိဂုံးချုပ် အနေဖြင့်ပြောကြားခဲ့ပါသည်။

Credit > Ministry of Foreign Affairs Myanmar