ဖြူစင်သည့်မေတ္တာ၊ စေတနာအတောက်ပဆုံးအချိန်

မျက်မှောက်ကာလတွင် ကိုဗစ်-၁၉ ရောဂါပိုးကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းလုံး အခက်ခဲဆုံး ဖြတ်သန်းနေရသော အချိန်ကာလဖြစ်သည်။ ထိုခက်ခဲကြမ်းတမ်းမှုကာလတွင်ပင် လူသားများ၏ နှလုံးသားများ၌ မေတ္တာ၊ စေတနာများ ပေါက်ဖွားလာသောကြောင့် အမှောင်အတွင်းမှ အလင်းရောင်အတောက်ပဆုံး လင်းလက်သော ကာလဟု ဆိုရမည်ဖြစ်သည်။

 

ဦးစွာ ရှေ့ပြေးထဲထဲဝင်ဝင် ဆောင်ရွက်ပေးကြသည့် မေတ္တာစေတနာရှင်များမှာ ကျန်းမာရေး ဝန်ထမ်းများ ဖြစ်သည်။ ၎င်းတို့သည် အသက်ဘေးကို အလေးမထားဘဲ ရှေ့တန်းမှ စွန့်လွှတ်စွန့်စား တာဝန်ထမ်းဆောင်ကြသည့် သူရဲကောင်းများဖြစ်သည်။ ရောဂါဆိုးရွားစွာ ဖြစ်ပေါ်ခဲ့သောနိုင်ငံများတွင် မိမိတို့၏အသက်ကို စွန့်လွှတ်၍ ပြည်သူများအား ရောဂါဘေးမှ ကာကွယ်ပေးကြသည့် ဆရာဝန်များကို မြင်တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံမှ ကျန်းမာရေး ဝန်ထမ်းများသည် ရောဂါဘေးဒဏ် ထိခိုက်မှုမခံရသော်လည်း ပြည်သူများ ကပ်ရောဂါဘေးမှ ကျော်လွှားရေးအတွက် နေ့မအားညမနား ထမ်းဆောင်နေကြသည်။

 

တစ်ချိန်တည်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် မေတ္တာ၊ စေတနာဖြင့် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးနေကြသည့် ရဟန်းရှင်လူ ပြည်သူလူထုအပေါင်းနှင့် စေတနာသဒ္ဓါတရား ထက်သန် စွာဖြင့် လိုအပ်သည်တို့ကို လိုအပ်သည့်နေရာများတွင် ဝိုင်းဝန်းကူညီလှူဒါန်းကြသည့် ပြည်သူအပေါင်းတို့၏ မေတ္တာစေတနာများမှာလည်း တန်ဖိုးမဖြတ်နိုင်သော မွန်မြတ်သည့် ကုသိုလ်ကောင်းမှုများပင် ဖြစ်သည်။

 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က "အခက်ခဲဆုံးကာလတွေဟာ ဖြူစင်တဲ့မေတ္တာ၊ စေတနာရဲ့ အရောင် အတောက်ပ ဆုံးအချိန် ဖြစ်ပါတယ်။ တတ်နိုင်တဲ့နည်းနဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နှိမ်နင်းရေးမှာ ပါဝင်ပံ့ပိုးကူညီနေတဲ့ ကျွန်မတို့ ပြည်သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ မေတ္တာခြုံလို့လုံပါစေ၊ စေတနာဆောင်လို့ အောင်ပါစေ"ဟု ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာမှ ဧပြီလ ၇ ရက်နေ့က သတင်းစကားပါးခဲ့သည်။

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ရောဂါရှာဖွေ၍ ထိရောက်စွာ ကုသမှုပေးခြင်း၊ ရောဂါပိုး တွေ့ရှိသူများနှင့် ထိတွေ့မှုရှိခဲ့သူများအား ရှာဖွေဖော်ထုတ်၍ အသွားအလာကန့်သတ်ခြင်း၊ လိုအပ်ပါက ဆေးရုံ တက်ရောက်ကုသမှု ခံယူနိုင်စေရေးဆောင်ရွက်ခြင်း၊ ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူများအား သက်ဆိုင်ရာ ဒေသအာဏာပိုင်အဖွဲ့များ၊ အခြားဌာနဆိုင်ရာများနှင့် ချိတ်ဆက်၍ သတင်းရယူခြင်း၊ အသွားအလာ ကန့်သတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ပြည်သူလူထုမှ သတင်းမှန်များ ရရှိနိုင်ရေးအတွက် နေ့စဉ်သတင်းထုတ်ပြန်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိသည်။

 

အရေးကြီးသည့်အချက်မှာ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများ၊ ပြည်တွင်း၌ ရောဂါနှင့်ပတ်သက်၍ သံသယ ရှိသူများအား အသွားအလာကန့်သတ်၍ စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခြင်းသည် မိမိအတွက် သာမက တစ်တိုင်း ပြည်လုံးရှိ ပြည်သူများရောဂါကင်းဝေးရေးအတွက် ဆောင်ရွက်ခြင်းဖြစ်သည်ကို သတိချပ်ရမည်ဖြစ်သည်။

 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဧပြီလ ၇ ရက်နေ့ ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာမှ "Quarantine က ထွက်လာ သူတွေ၊ ရောဂါကာကွယ်ရေးအတွက် ထုတ်ပြန်ထားတဲ့ စည်းမျဉ်း၊ စည်းကမ်းနဲ့ ညွှန်ကြားချက်တွေကို မလိုက်နာရင် ရောဂါဖြစ်ဖို့ အန္တရာယ်ကြီးတယ်ဆိုတာ မမေ့ကြပါနဲ့။ CoVID-19 စိန်ခေါ်မှုကို တာဝေးအပြေးသမားစိတ်နဲ့ ရင်ဆိုင်ရမှာပါ။ ရေရှည်ရပ်တည်နိုင်ဖို့ အားတွေမွေးရပါမယ်။ တစ်ရက်ချင်း၊ တစ်ရက်ချင်းကို မှန်ကန်တည်ငြိမ်စွာ၊ အင်အားမပြုန်းတီးအောင် သတိနဲ့ဖြတ်သန်းသွားကြဖို့ လိုပါမယ်" ဟု အသိပေးထားသည်။

 

သို့ဖြစ်ရာ အခက်ခဲဆုံးကာလများသည် ဖြူစင်သည့် မေတ္တာ၊ စေတနာ အရောင် အတောက်ပဆုံးအချိန်ဖြစ်၍ ရောဂါကင်းဝေးရေးအတွက် မေတ္တာ၊ စေတနာအပြည့်ဖြင့် တက်တက်ကြွကြွ ညီညီညွတ်ညွတ် ဝိုင်းဝန်းဆောင်ရွက် ပေးနေချိန်တွင် ပြည်သူလူထုအားလုံးက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ပညာပေးအချက်အလက်များကို တိကျစွာလိုက်နာဆောင်ရွက်ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။

ကြေးမုံ