ဖူဆယ်အားကစားကွင်းဖွင့်ပွဲ နှင့် ဆုချီးမြှင့်ပွဲပြုလုပ်

မြင်းခြံ ၁၁  ဇွန်

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့တွင် ဖူဆယ်ဘောလုံးအားကစားသမားများအတွက် ဘောလုံးကွင်းတစ်ခုကို အလှူရှင်မှ ဆောက်လုပ်လှူဒါန်းပြီးစီး၍ ကွင်းဖွင့်ပွဲနှင့် လွှဲပြောင်းပေးအပ်ပွဲကို မြို့နယ်အားကစားကွင်းအတွင်းရှိ ဖူဆယ်ကွင်းတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖူဆယ်ကွင်းဖွင့်ပွဲတွင် အလှူရှင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးလတ်နှင့် မြင်းခြံခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်တို့က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ Sembcorp Myingyan Power Company Limited Development Manager ဦးအောင်လွင်ဦးမှ ဖူဆယ်ကွင်းလှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ဖူဆယ်ကွင်းနှင့် ပတ်သက်သည့် စာရွက်စာတမ်းများအား Sembcorp Myingyan Power Company Limited Deputy Manager ဦးဇာရာမျိုးသိန်းမှ  မြင်းခြံခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အေးမူထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ ထို့နောက် ဖူဆယ်ကွင်းအား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးလတ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်မြင့်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်၊ Sembcorp Myingyan Power Company Limited Deputy Plant Manager Mr.Leonilo Barre Carraos နှင့် ဌာနဆိုင်ရာအကြီးအကဲတို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ကြသည်။
    
အဆိုပါ ဖူဆယ်ကွင်းဖွင့်ပွဲ၊ ပေးအပ်လှူဒါန်းပွဲနှင့် ဆုချီးမြှင့်ပွဲသို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်မျိုးလတ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်မြင့်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်၊ Sembcorp Myingyan Power Companty Limited Deputy Plant Manager Mr.Leonilo Barre Carraos နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ဦးဇော်မင်းနိုင်(မြင်းခြံ)