ဖုန်းရွှေပညာရှင်တွေ ခွေးနှစ်အတွက် ဟောကိန်းထုတ်

၁၄ ဖေဖော်ဝါရီ

 

လာမယ့်ရက်သတ္တပတ်ဆိုရင် တရုတ်ရာသီခွင်အရ ခွေးနှစ်ကို ရောက်ရှိလာတော့မှာဖြစ်ပါတယ်။ ဟောင်ကောင် ဖုန်းရွှေပညာရှင် Thierry Chow က ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေကလွဲပြီး တခြားအကြောင်းအရာတွေကို ခန့်မှန်းပြောဆိုခြင်းတော့မရှိပါဘူး။

 

 

၁၉၄၆ ခွေးနှစ်မှာ မွေးဖွားခဲ့တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် အနေနဲ့ ကံဆိုးမှုတွေရင်ဆိုင်ရမယ်လို့ ပါရှိပါတယ်။

 

 

စာသားအရ “လေ နဲ့ ရေ” လို့ အဓိပ္ပာယ်ရတဲ့ ဖုန်းရွှေပညာကို ကံကောင်းခြင်းတွေနဲ့ ကြွယ်ဝချမ်းသာမှုတွေ ပိုမိုတိုးတက်မြင့်မားလာဖို့ အိမ်နဲ့ ရုံးဌာနတွေမှာ ဖန်တုံး၊ ဝိုင်ခွက် စတဲ့ အသုံးအဆောင်ပစ္စည်းလေးတွေရဲ့ နေရာ၊ အထားအသိုတွေကို ဂရုတစိုက်ရှိပြီး နေထိုင်မှုဘဝတွေကို ညှိယူလေ့ရှိတဲ့ အာရှတဝှမ်းနေထိုင်သူအများစုက လက်ခံကျင့်သုံးကြပါတယ်။ ဖုန်းရွှေပညာအရ အဖြစ်အပျက်အားလုံးဟာ သတ္တု၊ သစ်သား၊ ရေ၊ မီး နဲ့ မြေကြီးဆိုတဲ့ ငါးမျိုးနဲ့ အပြန်အလှန် ကူညီထောက်ပံ့နေတယ်လို့ ဆိုပါတယ်။

 

ထရန့်ရဲ့မွေးနေ့အရ မီးခွေး ဖြစ်ပြီး ၂၀၁၈ မှာတော့ မြေကြီးခွေး ဖြစ်တာကြောင့် မူလဓာတ်ခံ မီးနဲ့ ၂၀၁၈ သက်ရောက် မြေကြီး တို့ သဟဇာတ မဖြစ်ပါဘူး။ ဒါကြောင့် ကံဇာတာ ဟန်ချက်မညီမျှမှုတွေ ဖြစ်လာနိုင်တယ်။ ကျန်းမာရေးအညံ့ရှိနိုင်ပါတယ်။ တကယ့်ပြဿနာကြီးတွေနဲ့ ထင်သာမြင်သာအကျိုးဆက်တွေ ဖြစ်လာနိုင်ပါတယ်လို့ ဖုန်းရွှေပညာရှင် Thierry Chow က ကြိုဟောထားပါတယ်။

 

Chow ဟာ ဂြိုလ် နက္ခတ် တည်နေရာအနေအထားတွေအရ ဟောကိန်းထုတ်ခဲ့တာဖြစ်ပြီး မြောက်ကိုရီးယားနဲ့ အမေရိကအကြား တင်းမာမှုတွေ ပိုပြင်းထန်လာမယ်၊ စီးပွားရေး၊ ကုန်သွယ်ရေး ကိစ္စရပ်တွေနဲ့ပတ်သက်လို့ တရုတ်နဲ့ အမေရိကအကြား ရှုပ်ထွေးမှုတွေဖြစ်ပေါ်လာနိုင်ကြောင်း သတိပေးထားပါတယ်။ ခုနစ်လုံးမြောက်ကြယ်က အရှေ့ဘက်ကို နိမ့်ကျနေတာကြောင့် နိုင်ငံဆက်ဆံရေးနဲ့ နားလည်မှုလွဲမှားခြင်းများ ဖြစ်နိုင်တယ်လို့လဲ ဆိုပါတယ်။

 

ဟောင်ကောင်ပြည်သူတွေဟာ လက်ထက်ရက်ရွေးတာကစလို့ အိမ်သစ်ဆောက်လုပ်ခြင်းအထိ ဘဝအတွက် ဆုံးဖြတ်ချက်တွေချရာမှာ ဖုန်းရွှေပညာရှင်များထံ အကြံဉာဏ်တောင်းခံလေ့ ရှိကြပါတယ်။ ကုမ္ပဏီကြီးတွေကလည်း အတွင်းပိုင်းပြင်ဆင်မှုတွေပြုလုပ်ရာမသာမက ရင်းနှီးမြှုပ်နှံတဲ့ ကိစ္စတွေအထိ အကြံယူလေ့ရှိကြပါတယ်။

 

၂၀၁၈ မှာ အင်တာနက် ၊ နည်းပညာကဏ္ဍတွေ ထူးထူးခြားခြား အောင်မြင်နိုင်ပါတယ်။ အထူးသဖြင့် မေ ကနေ ဇူလိုင်အထိ မီးနဲ့ဆက်စပ်တဲ့ စက်မှုလုပ်ငန်းတွေ အောင်မြင်မယ်။

 

ခွေး ဆိုတာ တာဝန်နဲ့ သစ္စာရှိမှုကို ကိုယ်စားပြုတဲ့အပြင် ဘေးအန္တရာယ်တွေကနေ ကာကွယ်ပေးတဲ့ သင်္ကေတလဲဖြစ်တာကြောင့် လုပ်ငန်းရှင်တွေအနေနဲ့ အမြဲတမ်းဖောက်သည်တွေကို မိတ်မပျက်စေဖို့ စိတ်ရှည်သည်းခံသင့်ကြောင်း၊ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့လဲ နိုင်သလောက်သာ ရင်းနှီးမြှုပ်နှံ သင့်ကြောင်း ပါရှိပါတယ်။

 

ဒါ့အပြင် နိုင်ငံရေး၊ ငွေရေးကြေးရေးနဲ့ မဆိုင်တဲ့ မေလမှာ လက်ထပ်မယ့် မင်းသား ဟယ်ရီနဲ့ မီဂန်မာကယ်လ် တို့လက်ထပ်ပွဲနဲ့ပတ်သက်လို့လဲ ပျော်ရွှင်ဖွယ်လက်ထက်ပွဲဖြစ်မယ်လို့ ကြိုတင်ဟောကိန်းထုတ် ထားပါသေးတယ်။

 

ဘာသာပြန် > မိုးမမ

ကိုးကား > အေအက်ဖ်ပီ