ရန်ကုန် ဖေဖော်ဝါရီ ၁

 

ကချင်ပြည်နယ် ပူတာအိုခရိုင်၏ ပူတာအို၊ မချမ်းဘောနှင့် နောင်မွန်မြို့နယ်အတွင်းတည်ရှိပြီး စတုရန်းမိုင် ၁၀၄၄(ဧက ၆၆၈၁၆၀)ကျယ်ဝန်းသော ဖုန်ကန်ရာဇီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် နှင်းကျားသစ်၏အစာဖြစ်သည့် ရေခဲတောင်သားမင်းနှင့် ရေခဲတောင်ဆိတ်များ ရှင်သန်ကျက်စားနေကြောင်း ဖုန်ကန်ရာဇီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

 

ကမ္ဘာပေါ်တွင် မျိုးသုဉ်းမှုအန္တရာယ်နှင့် ရင်ဆိုင်နေရသည့် နှင်းကျားသစ်ကို မြန်မာပြည်မြောက်ဖျား ရေခဲတောင်တန်းများတည်ရှိရာ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်၏ တောင်တန်းများပေါ်တွင် ၂၀၁၈ ခုနှစ်၌ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်နှင့် အမေရိကန်နိုင်ငံ Panthra အဖွဲ့တို့ ပူးပေါင်း၍ အမြင့်ပေ ၁၀၀၀၀ မှ ၁၆၀၀၀ အတွင်း တောင်တန်းများတွင် ကင်မရာထောင်ချောက်များတပ်ဆင်၍  နှင်းကျားသစ်ကို သုတေသနပြုခဲ့ရာ နှင်းကျားသစ်ပုံများ မတွေ့ခဲ့ရသော်လည်း နှင်းကျားသစ်၏ အစာဖြစ်သည့် ရေခဲတောင် သားမင်း၊ ရေခဲတောင်ဆိတ်နှင့် မြေခွေးနီ စသည့်တောရိုင်း တိရစ္ဆာန်များ ယနေ့တိုင် ရှင်သန်ကျက်စားလျက်ရှိသည်။

 

ဖုန်ကန်ရာဇီ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောမှာ ဝန်ထမ်း ကိုးဦးရှိပြီး ကင်းစခန်းလေးခုမှာ အထိုင်ထားပြီးတော့ ထိန်းသိမ်းရေး လုပ်ငန်းတွေကို ဆောင်ရွက်နေပါတယ်။ နိုင်ငံအတွက် ဂုဏ်ယူဖွယ်ဘေးမဲ့တောကြီး တစ်ခုဖြစ်တဲ့အပြင် ရေဝေ ရေလဲ ဒေသတစ်ခုအဖြစ် အရေးပါပြီး ရှားပါးမျိုးစိတ်တွေ ရှင်သန်ကျက်စားတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ နှင်းကျားသစ်ဆိုရင် မျိုးသုဉ်းဖို့ အန္တရာယ်ရှိတဲ့အတွက် ကင်မရာထောင် ချောက်တွေနဲ့ သုတေသနပြုရာမှာ သူ့ရဲ့အစာဖြစ်တဲ့ ရေခဲတောင်သားမင်း၊ တောင်ဆိတ်နဲ့ မြေခွေးနီတို့ကို တွေ့ခဲ့ရတဲ့ မှတ်တမ်းလည်း ရှိပါတယ်။ တောရိုင်း တိရစ္ဆာန်နဲ့ ဘေးမဲ့တောကို ချစ်မြတ်နိုးရုံနဲ့ မရပါဘူး။ ထိန်းသိမ်းကာကွယ်တတ်ဖို့ သင်တန်းတွေ တက်ရောက်ဖို့လည်းလိုပါတယ်။ ဘယ်လို ပုံစံနဲ့ ထိန်းသိမ်းကာကွယ် သွားရမယ်ဆိုတဲ့ အသိပညာတွေ ဖြန့်ဝေနိုင်အောင်လို့ပါ။ အထူးသဖြင့် ဖုန်ကန်ရာဇီ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောဟာ နိုင်ငံအတွက် အရေးပါတဲ့ ရေဝေရေလဲ ဒေသတစ်ခုလည်း ဖြစ်ပါတယ်ဟု ဖုန်ကန်ရာဇီဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဒေါ်နီလာပွင့်က ပြောသည်။

 

ဖုန်ကန်ရာဇီ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတွင် နို့တိုက်သတ္တဝါ ၃၆ မျိုး၊ ငှက်မျိုးစိတ် ၃၇၀၊ အင်းဆက်ပေါင်း ၃၆၀၊ ရေခဲငါးမျိုးစိတ် ၄၂ မျိုး၊ သစ်မျိုးစိတ် ၅၃ မျိုး၊ ဝါးမျိုးစိတ် ၁၃ မျိုး၊ သစ်ခွမျိုးစိတ် ၂၂၀၊ တောင်ဇလပ် ခြောက်မျိုးနှင့် ဆေးဖက်ဝင် အပင်ပေါင်း ၃၃ မျိုးတို့ ရှင်သန်ပေါက်ရောက်လျက်ရှိသည်။ မြင့်မားသော တောင်တန်းများ ဖြစ်သည့်အပြင် ရေခဲဖုံးလွှမ်းမှုကြောင့် သွားလာရေး ခက်ခဲသော်လည်း ကင်းစခန်းကြီး လေးခုဖြင့် ဘေးမဲ့တောကို ထိန်းသိမ်းကာကွယ်လျက်ရှိရာ RNH ရန်ပုံငွေမရရှိမှု နောက်ပိုင်း ကင်းလှည့်ပညာပေးလုပ်ငန်းနှင့် ငှက်စာရင်းကောက်ယူခြင်းလုပ်ငန်းများ ရပ်တန့်ထားကြောင်း သိရသည်။

 

တောင်ပေါ် သမပိုင်း စွတ်စိုတော၊ အမြဲစိမ်းတော၊ တောင်ပေါ် ထင်းရှူးတော၊ တောင်ဇလပ်တောနှင့် တောင်ပေါ် မြက်ခင်းတော တို့ဖြင့် ရာသီမပြတ်လှပသည့် ဖုန်ကန်ရာဇီဘေးမဲ့ တောသည် ဟိမဝန္တာအရှေ့ဖျားနှင့် ဆက်စပ်နေသော မြန်မာနိုင်ငံ၏ ဆီးနှင်းများ ဖုံးလွှမ်းရာဒေသရှိ ဇီဝမျိုးစုံ မျိုးကွဲများနှင့် ယင်းတို့၏ ဂေဟစနစ်များကို ကာကွယ်ထိန်းသိမ်းရန်၊ ဧရာဝတီမြစ်ဖျား ရေဝေ ရေလဲဒေသနှင့် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့စေရေး ကာကွယ်ထိန်းသိမ်းရန်နှင့် သဘာဝ အခြေခံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခြင်းဖြင့် ဒေသခံတို့၏ လူနေမှုဘဝ မြှင့်တင်ရန် စသည့်ရည်ရွယ်ချက်တို့ဖြင့် ထိန်းသိမ်းကာကွယ်လျက်ရှိပြီး အထူးသဖြင့် မလိခမြစ်၏ ရေဝေရေလဲကို အဓိက အထောက်အပံ့ပေးရာဒေသလည်းဖြစ်သည်။

 

အဆိုပါ ဖုန်ကန်ရာဇီ ဘေးမဲ့တော တောင်ကမ်းပါး ယံတို့တွင် ပေါက်ရောက်သည့် မွှေးပျံ့သော ဒေါနပန်းများကို ရေခဲတောင်ဆိတ်နှင့် ရေခဲတောင်သားမင်းတို့ နှစ်ခြိုက်လေ့ရှိပြီး ကမ္ဘာပေါ်တွင် မျိုးသုဉ်းရန် အန္တရာယ်ရှိနေသည့် တောရိုင်းတိရစ္ဆာန်များ၊ အပင်မျိုးစိတ်များနှင့် ငါးမျိုးစိတ်များ ဖုန်ကန်ရာဇီ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတွင် ရှင်သန်ပေါက်ရောက် ကျက်စားနေကြောင်း သိရသည်။

ဓာတ်ပုံ - ကိုလွင်

ဥဿ