ဖန်ပြွန်သန္ဓေသားနည်းလမ်းနဲ့ ကလေးမယူခင် သိထားသင့်တဲ့ (၅) ချက်

ရေးသားသူ Yun Sandi Nan Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

ကလေးမရသေးတာက သားသမီးမျှော်လင့်နေတဲ့ အိမ်ထောင်ရှင်တွေအတွက်တော့ အားနည်းချက်တစ်ခုလို ဖြစ်နေရတဲ့ကိစ္စပါ။ ကလေးယူဖို့ ဆရာဝန်ပြပြီး အကြံပြုချက်ယူတယ်၊ ကြိုးစားတယ်ဆိုပေမယ့် အချိန်ကြာလာပြီး မအောင်မြင်တဲ့အခါ ဖန်ပြွန်သန္ဓေသား(IVF)နည်းလမ်းက အဆင်ပြေနိုင်ပါတယ်။

 

ဖန်ပြွန်သန္ဓေသားနည်းလမ်းကို မခံယူခင် ဒီအချက်လေးတွေတော့ အရင်စဉ်းစားထားသင့်ပါတယ်။ IVF အကြောင်း အချက်အလက်တွေကို လေ့လာသိရှိအောင် တတ်နိုင်သလောက်ကြိုးစားဖို့က မိဘလောင်းတွေအတွက် အရေးကြီးပါတယ်။ အကောင်းဆုံးရလဒ်ရနိုင်ဖို့ ကိုယ့်မှာဒီအချက်တွေ ပြည့်စုံနေပြီလား ဆန်းစစ်ပါ။

 

(၁) လုပ်ငန်းစဉ်ကို လေ့လာပါ

 

IVF ကို ရွေးချယ်ဖို့မဆုံးဖြတ်ခင် ဆေးပညာလုပ်ငန်းစဉ်တွေနဲ့ ဘာပြီးရင်ဘာဆက်လုပ်မှာလဲဆိုတာတွေ အဆင့်ဆင့်ကိုသိအောင် လုပ်ထားပါ။ သိလိုတာရှိရင် ဆရာဝန်ကို သေချာမေးမြန်းပါ။ ဒါမှ စိတ်ကိုရော၊ လူကျန်းမာရေးအတွက်ရော အကောင်းဆုံး ကြိုတင်ပြင်ဆင်ပြောင်းလဲမှုတွေ လုပ်နိုင်မှာပါ။ အောင်မြင်နိုင်တဲ့နှုန်းကတော့ ဆေးခန်း၊ ဆေးရုံတစ်ခုနဲ့တစ်ခုမတူနိုင်လို့ အောင်မြင်နိုင်ဖို့ အခွင့်အလမ်း ရာခိုင်နှုန်းတွေကို မေးမြန်းဖို့ကို တွန့်နှေးမနေပါနဲ့။

 

(၂) တတ်နိုင်သလောက် ကျန်းမာရေးကောင်းအောင်နေပါ

 

လူကျန်းမာအောင်ဂရုစိုက်တာက ကလေးယူတာ အောင်မြင်ဖို့ အကောင်းဆုံးကြိုတင်ပြင်ဆင်မှုပါ။ စိတ်ရောကိုယ်ပါကျန်းမာတဲ့ အမျိုးသမီးတွေဟာ IVF သန္ဓေယူဖို့ အောင်မြင်နိုင်ခြေအမြင့်ဆုံးဖြစ်တယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ အဝလွန်နေတဲ့အမျိုးသမီးတွေမှာတော့ ရလဒ်ပိုကောင်းစေဖို့ ကိုယ်အလေးချိန်ကိုအရင် ညှိသင့်ပါတယ်။

 

(၃) အချိန်က အရေးကြီးတယ်

 

ဖန်ပြွန်သန္ဓေယူတာက ခန္ဓာကိုယ်မှာရော၊ စိတ်ပိုင်းဆိုင်ရာမှာပါ ဖိစီးမှုများပါတယ်။ ဒါ့ကြောင့် ဘဝမှာ အကြောင်းအမျိုးမျိုးကြောင့် စိတ်ဖိစီးနေချိန် ဒါမှမဟုတ် ကြီးမားတဲ့အပြောင်းအလဲ တစ်ခုခုရှိနေချိန်အတွင်း ဖန်ပြွန်သန္ဓေကို မကြိုးစားသင့်သေးပါဘူး။

 

(၄) အားပေးထောက်ကူမှု ခိုင်မာပါစေ

 

မိခင်လောင်းအတွက် စိတ်ရောကိုယ်ပါကျန်းမာအောင် ကြိုးစားနေချိန် ဘေးကနေပံ့ပိုးအားပေးမယ့် မိသားစု၊ သူငယ်ချင်းတွေရှိနေတာ အင်အားတစ်ရပ်ပါပဲ။ အနားမလာနိုင်တောင် အဆက်အသွယ်လုပ်ပြီး ကိုယ့်ကိုစိတ်ပိုင်းဆိုင်ရာအားပေးမယ့် အဖော်ပြုမယ့်သူတွေ ရှိနေပါစေ။

 

(၅) အကောင်းမြင်စိတ်ထားပါ၊ ဖြစ်လာတဲ့ရလဒ်ကို လက်ခံနိုင်အောင် ပြင်ဆင်ထားပါ

 

အသက် ၃၅ နှစ်အောက် အမျိုးသမီးတွေဟာ သဘာဝအတိုင်းရော၊ ဆေးပညာအကူအညီ နည်းလမ်းတွေနဲ့ပါ ကလေးရနိုင်ခြေ အမြင့်ဆုံးဖြစ်တယ်လို့ ဆိုကြပါတယ်။ ဒီအသက်ထက်ကျော်သွားရင် ကလေးရနိုင်ခြေက သိသိသာသာကျဆင်းသွားပါတယ်။ တခြားအကြောင်းရင်းတွေကြောင့်လည်း သက်ရောက်မှုရှိနိုင်တာမို့ မဖြစ်မနေအောင်မြင်မှဖြစ်မယ်ဆိုတဲ့ စိတ်ထက် တတ်နိုင်သလောက် ကြိုးစားကြမယ်၊ ရလဒ်ကို လက်ခံပေးမယ်ဆိုတဲ့စိတ်က ပိုကောင်းပါတယ်။ ဖန်ပြွန်သန္ဓေသား ကြိုးစားရာမှာ အကောင်းမြင်စိတ်ရယ်၊ ယုံကြည်မှုရယ် ရှိနေရင် အောင်မြင်ဖို့ ပိုအဆင်ပြေနိုင်ပါတယ်။ ကျန်တဲ့အပိုင်းက အသက်အရွယ်၊ ကိုယ်အလေးချိန်၊ နေထိုင်စားသောက်မှု အလေ့အကျင့်တွေနဲ့ ဆိုင်ပါတယ်။

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”