ဖွံ့ဖြိုးတိုးတက်မှုရဖို့အတွက် တစ်နိုင်ငံလုံး အင်တာနက် လွှမ်းခြုံမှုကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သင့်

ပြည်သူတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အကျိုးပြုမည့် အစိုးရတစ်ရပ် ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ နိုင်ငံတော်အဆင့် e - Government Conference and ICT Exhibition ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ နိုဝင်ဘာ ၇ ရက်နှင့် ၈ ရက်တို့တွင် နှစ်ရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး အခမ်းအနားသို့ တက်ရောက်လာသူများ၏ မြန်မာနိုင်ငံ ICT ကဏ္ဍအပေါ် အကြံပြုပြောကြားချက်များကို စုစည်းဖော်ပြလိုက်ပါသည်။

ဦးဇော်မင်းဦး
အထွေထွေအတွင်းရေးမှူး၊
မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်

mdn

မနှစ်ကလည်း ဒီလိုပြပွဲတွေ ဆောင်ရွက်ခဲ့ကြတယ်။ မနှစ်ကနဲ့စာရင် ဝန်ကြီးဌာနတွေရဲ့ စနစ်တွေ တိုးတက်လာတာကို တွေ့ရပါတယ်။ တစ်နိုင်ငံလုံးအနေနဲ့ ခြုံကြည့်မယ်ဆိုရင်လည်း ICT အသုံးပြုမှု Index က တက်လာပါတယ်။ e-Government Ranking ကျတော့ ကျွန်တော်တို့နိုင်ငံက အရင်ထက်စာရင်တော့ တက်လာတယ်။ ဒါပေမယ့် နိုင်ငံတကာမှာ e-Government Ranking က ၁၉ဝ ရှိနေ တဲ့အချိန် ကျွန်တော်တို့ဆီမှာ ၁၆ဝ ကျော်ရှိနေတဲ့အတွက် သူတို့ရဲ့နှုန်းကိုမီအောင် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ICT နဲ့ ပတ်သက်တဲ့ Infrastructures တွ လိုအပ်နေပါသေးတယ်။ ဥပဒေလမ်းကြောင်း အရ လိုအပ်ချက်တွေလည်း ရှိနေပါသေးတယ်။

ပြီးတော့ တက္ကသိုလ်တွေ အများကြီးရှိပေမယ့် တကယ့် Industry ထဲမှာ လုပ်နိုင်တဲ့ Human Resources အပိုင်းမှာ အားနည်းနေတာကို တွေ့ရပါတယ်။ ဒီလိုအားနည်းချက်တွေ၊ လိုအပ်ချက်တွေ ကျော်လွှားနိုင်ဖို့ အားသာချက်ရှိတဲ့ တိုးတက်တဲ့ နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီးနောက်ပိုင်းမှာ ကိုယ်ပိုင်ရပ်တည်နိုင်အောင် ကြိုးစားကြရမှာဖြစ်ပါတယ်။ အစိုးရအနေနဲ့ National ID ကို ဆောင်ရွက်တော့မယ်လို့ သိရှိရပါတယ်။ တကယ်ကို အရေးကြီးတဲ့အပိုင်း ဖြစ်ပါတယ်။ ဒီအပိုင်းကို ဆောင်ရွက်ပြီးသွားရင် လိုအပ်တဲ့ စီမံကိန်းတွေကို ဆောင်ရွက်နိုင်ပြီဖြစ်ပါတယ်။

ဦးကျော်မိုးနိုင်
Managing Director, Myanmar Ease Net Co.,Ltd

mdn

ကျွန်တော်တို့အနေနဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး online e-Visa ကို ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ IT ကဏ္ဍ ဖွံ့ဖြိုးဖို့အတွက် လျှပ်စစ်မီးရရှိဖို့က အခြေခံကျတဲ့နေရာက ပါနေပါတယ်။ ပြီးတော့ Data Centre တွေလည်း လိုအပ်ပါတယ်။ ICT နဲ့ ပတ်သက်တဲ့ ခိုင်မာတဲ့ Policy တွေ လိုအပ်ပါတယ်။ Cyber Security နဲ့ ပတ်သက်ပြီး Network Stability ရှိအောင် ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ကျွန်တော် တို့နိုင်ငံရဲ့ အချက်အလက်တွေ မှန်သမျှဟာ Secure Network ထဲမှာ ရှိနေအောင် ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။

ဒေါ်နွယ်နီစိုးရင်
ညွှန်ကြားရေးမှူး၊
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန

mdn

ဒီနေ့ ပြပွဲက ဒုတိယအကြိမ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ပထမအကြိမ်မှာ ဝန်ကြီးဌာန ပြခန်းတွေမပါဘူး။ ဒီနှစ်မှာ ဝန်ကြီးဌာနတွေရဲ့ ပြခန်းတွေ ပါဝင်ပြသတဲ့အတွက် ဌာနအလိုက် ဆောင်ရွက်တဲ့လုပ်ငန်းတွေကို သိရမယ်။ ပြီးတော့ ICT ကုမ္ပဏီတွေရဲ့ ပြခန်းတွေလည်းပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိအနေအထား မှာက ICT နဲ့ ပတ်သက်ပြီး သီးခြားစီလုပ်နေ တာတွေ့ရတယ်။ ဝန်ကြီးဌာနအလိုက် ဆောင်ရွက်နေတာတွေရှိတယ်။ ဒါပေမယ့် အချိတ်အဆက်ပြတ်နေတာမျိုး ရှိတယ်။ ဒီလိုမျိုးပြခန်းလေးတွေ လုပ်လိုက်တော့ အချိတ်အဆက် မပြတ်တော့ဘူး။

ပြီးတော့ Myanmar National Portal ဆိုပြီး ဆောင်ရွက်နေတာရှိပါတယ်။ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီမှာ launch လုပ်မှာဖြစ်ပါတယ်။ Myanmar National Portal ကို ဧပြီ ၃ ရက်က Agreement နဲ့ စာချုပ်ချုပ်ပြီး လက်မှတ် ထိုးခဲ့ပါတယ်။ အခု Project Implement လုပ်နေတယ်။ ဝန်ကြီးဌာနတွေကို အချက်အလက်တွေ ကောက်ခံထားတယ်။ အားလုံးကို ဇန်နဝါရီလမှာ ပြီးအောင် လုပ်မှာဖြစ်ပါတယ်။

ဦးမောင်မောင်ကြည်သာ
Technical Director, Golden Myanmar Apex Co.,Ltd

mdn

ကျွန်တော်တို့နိုင်ငံမှာ e - Government အနေနဲ့ အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်ဖို့ဆိုရင် ကျွန်တော်တို့ ကုမ္ပဏီတွေ ကိုယ်တိုင်ကလည်း လိုအပ်ချက်တွေ ဖြည့်နေရသေးတဲ့ အချိန်မျိုးဖြစ်ပါတယ်။ ဈေးကွက်စီးပွားရေးလုပ်ငန်းတွေ စလုပ်တာက ဆယ်စုနှစ်တစ်စုလောက်ပဲ ရှိသေးတာဖြစ်ပါတယ်။ ဌာနဆိုင်ရာတွေမှာ လိုအပ်ချက်တွေ ဖြည့်နေတုန်းဆိုတော့ အားလုံး ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ဒီလိုပူးပေါင်း ဆောင်ရွက်တဲ့အခါမှာ ရေရှည်အတွက် တစ်ခါတည်း အစီအစဉ်ချပြီး ဆောင်ရွက်သင့်ပါတယ်။ နိုင်ငံတိုးတက်ဖို့ e - Government ကိုလည်း အောင်မြင်အောင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

Mr.Bob Zhu
Huawei Technologies(Yangon) Co.,Ltd

mdn

မြန်မာနိုင်ငံ ICT ပတ်ဝန်းကျင်ကို နိုင်ငံတကာနဲ့ ယှဉ်ကြည့်မယ်ဆိုရင် ဖွံ့ဖြိုးမှု လိုအပ်နေသေးတယ်။ ICT ကဏ္ဍမှာ လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ ပြည်ထောင်စုဝန်ကြီးကလည်း ဒီနေ့ ပြောကြားသွားပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုရဖို့အတွက် တစ်နိုင်ငံလုံး အင်တာနက် လွှမ်းခြုံမှုကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သင့်ပါတယ်။ e- Government အောင်မြင်အောင် ဆောင်ရွက်ဖို့အတွက် Data Centre တွေကိုလည်း ခိုင်မာအားကောင်းအောင် ဆောင်ရွက်သင့်ပါတယ်။ ဒီနေ့ ပြခန်း တွေမှာ Data Centre နဲ့ပတ်သက်ပြီး ပြသထားတာတွေကိုလည်း တွေ့ရပါတယ်။

မွှေးကြူဟန်
ဓာတ်ပုံ-ကိုကိုစိုးညွန့်