ဖခင်ကို သတ်ခဲ့သူများအား ခွင့်လွှတ်သည်ဟု ဆော်ဒီဂျာနယ်လစ် ခါရှော့ဂီ၏ သားများပြော

ရီယာ့ဒ် ၂၃ မေ


အသတ်ခံရသူ ဆော်ဒီဂျာနယ်လစ် ခါရှော့ဂီ၏ သားများက ၎င်းတို့၏ ဖခင်ကို သတ်ခဲ့သူများအား ခွင့်လွှတ်သည်ဟု မေ ၂၂ ရက်တွင် ပြောကြားခဲ့သည်။ အဆိုပါပြောဆိုမှုကြောင့် သေဒဏ်စာရင်းတွင်ရှိသည့် လူငါးဦးအတွက် အကျိုးရှိသည့် သက်သာခွင့်ရရှိနိုင်ကြောင်း လေ့လာသူများက ပြောသည်။


ခါရှော့ဂီသည် ၂၀၁၈ ခုနှစ် အောက်တိုဘာလအတွင်းက တူရကီနိုင်ငံ အစ္စတန်ဘူလ်ရှိ ကောင်စစ်ဝန်ရုံးအတွင်း အသတ်ခံခဲ့ရသူဖြစ်သည်။ ၎င်းမိသားစု၏ ခွင့်လွှတ်မှုကြောင့် သေဒဏ်ပေးခံထားရသည့် လူငါးဦးအတွက် လွတ်ငြိမ်း ချမ်းသာခွင့် ဖြစ်လာနိုင်သည်။


ဂျမားလ်ခါရှော့ဂီ၏ သားတစ်ဦးဖြစ်သူ ဆာလာ့ရှ်ခါ ရှော့ဂီက ဖခင်ကိုသတ်ဖြတ်ခဲ့သူများအား ၎င်းတို့ ခွင့်လွှတ်ကြောင်း တွစ်တာပေါ်တွင် ရေးသားခဲ့သည်။ ဆော်ဒီအာဏာပိုင်များကမူ ဆာလာ့ရှ်၏ ကြေညာချက်နှင့်ပတ်သက်ပြီး မည်သည့်မှတ်ချက်မျှ မပေးခဲ့ပေ။


ဆာလာ့ရှ်သည် ဆော်ဒီနိုင်ငံအတွင်း နေထိုင်သူဖြစ်ပြီး ဆော်ဒီအာဏာပိုင်များနှင့် ငွေကြေးအပေးအယူရှိသည် ဆိုသည့် သတင်းများကို ငြင်းဆိုထားသည်။ ဆာလာ့ရှ်သည် ယခင်ကလည်း တရားစီရင်ရေးစနစ်ကို အပြည့်အဝ ယုံကြည်သည်ဟု ပြောကြားခဲ့သည်။


ယင်းကိစ္စကို အခြေခံကာ အကျိုးအမြတ်ရှာဖွေနေကြသည့် အတိုက်အခံများကိုလည်း ဝေဖန်ခဲ့သည်။ လွန်ခဲ့သော နှစ်က ဆာလာ့ရှ် အပါအဝင် ဂျမားလ်ခါရှော့ဂီ၏ကလေးများသည် အာဏာပိုင်များထံမှ ဒေါ်လာသန်းနှင့်ချီတန်ဖိုးရှိ သည့်နေအိမ်များ၊ ငွေကြေးများ လက်ခံရရှိခဲ့သည်ဟု ဝါရှင်တန်ပို့စ်တွင် ဖော်ပြခဲ့သည်။


ခါရှော့ဂီအသတ်ခံရမှုအတွက် စွဲချက်တင်ခံရသည့် လူ ၁၁ ဦးတွင် ငါးဦးမှာ သေဒဏ်ချမှတ်ခံရပြီး သုံးဦးမှာ ထောင်ဒဏ် ၂၄ နှစ်အထိ ချမှတ်ခံရသည်။ ကျန်လူများကိုမူ အပြစ်မရှိကြောင်း စီရင်ချက်ချထားသည်။

 


အေအက်ဖ်ပီ