ဖိုက်ဇာဆေးဝါးကုမ္ပဏီကထုတ်လုပ်သော ကိုဗစ်ကုသသည့် Paxlovid အမည်ရှိ သောက်ဆေးအား အရေးပေါ်အသုံးပြုရန် အမေရိကန် FDA ခွင့်ပြု

ဒီဇင်ဘာ ၂၃

 

အမေရိကန်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (USFDA)က ဖိုက်ဇာဆေးဝါးကုမ္ပဏီမှ ထုတ်လုပ်သော ကိုဗစ်ရောဂါကုသသည့် သောက်ဆေးအား အရေးပေါ်အသုံးပြုရန် ယမန်နေ့က ခွင့်ပြုခဲ့သည်။

 

ရောဂါပြင်းထန်သည့် အန္တရာယ်ရှိသူများဖြစ်သော အသက် ၁၂ နှစ်နှင့်အထက် ကိုဗစ်ရောဂါကူးစက်ခံရသူများသည် Paxlovid အမည်ရှိ သောက်ဆေးကို အသုံးပြုနိုင်သည်ဟု ထို FDA က ပြောကြားခဲ့သည်။

 

အဆိုပါသောက်ဆေးကို ဆေးစာဖြင့်သာရရှိနိုင်ပြီး ကိုဗစ်ကူးစက်ခံရကြောင်း အတည်ပြုပြီးနောက် ကိုဗစ်လက္ခဏာပြသည့် ငါးရက်အတွင်း သောက်သင့်သည်ဟု ဆိုသည်။ Paxlovid သောက်ဆေးကို တစ်နေ့လျှင်နှစ်ကြိမ်ဖြင့် ငါးရက်ကြာသောက်ရမည် ဖြစ်သည်။

 

ဆေးဘက်ဆိုင်ရာ စမ်းသပ်မှုများ၏ ရလဒ်များအရ ကိုဗစ်လက္ခဏာ စတင်ပြသသည့် ငါးရက်အတွင်း ထိုဆေးသောက်သုံးပါက ရောဂါပြင်းထန်သည့် လူနာများအနေဖြင့် ဆေးရုံတက်ကုသမှုနှင့် သေဆုံးနိုင်ခြေ ၈၈ ရာခိုင်နှုန်းတို့ကို လျှော့ချပေးကြောင်း ဖိုက်ဇာကပြောသည်။

 

အမေရိကန်အစိုးရက Paxlovid သောက်ဆေး သန်း ၁၀ ဝယ်ယူရန် ဖိုက်ဇာကုမ္ပဏီနှင့် စာချုပ် ချုပ်ဆိုထားသည်။ ဗြိတိန်အစိုးရက ထိုဆေးကို ၂ ဒသမ ၇၅ သန်း ဝယ်ယူမည်ဖြစ်ကြောင်း ကြေညာထားသည်။

 

ဖိုက်ဇာကုမ္ပဏီက Paxlovid သောက်ဆေးကို ၂၀၂၂ခုနှစ်ကုန်ပိုင်းအထိ သန်း ၁၂၀ ထုတ်လုပ်နိုင်မည်ဟု ဆိုသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို