ဖိတ်ခေါ်ဖူဆယ်ပြိုင်ပွဲတွင် မြန်မာအသင်း အုပ်စုဒုတိယဖြင့် ဆီမီးဖိုင်နယ် တက်ရောက်

ရန်ကုန်   မတ်   ၁၈

NSDF Futsal Invitation Championship 2022 ဖိတ်ခေါ်ဖူဆယ်ပြိုင်ပွဲ အုပ်စုနောက်ဆုံးနေ့ကို မတ် ၁၇ ရက်က ထိုင်းနိုင်ငံ၌ ဆက်လက်ကျင်းပရာ မြန်မာအသင်း အုပ်စုဒုတိယဖြင့် ဆီမီးဖိုင်နယ် တက်ရောက် သွားသည်။

အုပ်စုနောက်ဆုံးပွဲတွင် အီရန်အသင်းက မြန်မာအသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသည်။ မြန်မာအသင်းသည် အီရန်အသင်းနှင့် အုပ်စုပထမနေရာအတွက် အဆုံးအဖြတ်ပွဲကစားရခြင်းဖြစ်ပြီး အကောင်းဆုံးကြိုးစားသော်လည်း အာရှထိပ်သီးအသင်းတစ်သင်းဖြစ်သောကြောင့် ရှုံးပွဲကြုံတွေ့ခဲ့ခြင်း ဖြစ်သည်။ မြန်မာအသင်းသည် ရှုံးပွဲကြုံတွေ့ခဲ့သော်လည်း ယင်းပွဲအတွက် အကောင်းဆုံးဆုကို ဂိုးသမား ကျော်ထက်အောင်က ရရှိသည်။ မြန်မာအသင်းသည် မွန်ဂိုလီးယားကို ဂိုးပြတ်အနိုင်ရပြီးကတည်းက ဆီမီးဖိုင်နယ် တက်ရောက်ထားခြင်းဖြစ်သည်။ အုပ်စု (က) နောက်ဆုံးပွဲတွင် အိမ်ရှင်ထိုင်းနှင့် အိုမန် အသင်းတို့ တစ်ဂိုးစီ သရေကျခဲ့သည်။ အုပ်စုပွဲစဉ်များအပြီးတွင် အုပ်စု (က) ၌ ထိုင်းနှင့် အိုမန်အသင်း တို့ လေးမှတ်စီတူညီသော်လည်း ဂိုးကွာခြားချက်ဖြင့် ထိုင်းက အုပ်စုပထမ၊ အိုမန်အသင်းက အုပ်စုဒုတိယ ရရှိသည်။ အုပ်စု (ခ) တွင်မူ အီရန်အသင်းက ခြောက်မှတ်ဖြင့် အုပ်စုပထမ၊ မြန်မာအသင်းက သုံးမှတ်ဖြင့် အုပ်စုဒုတိယရရှိကာ ဆီမီးဖိုင်နယ် တက်ရောက်ခဲ့သည်။

ဆီမီးဖိုင်နယ်ပွဲစဉ်များကို မတ် ၁၉ ရက်တွင် ဆက်လက်ကျင်းပ မည်ဖြစ်ပြီး ထိုင်းနှင့် မြန်မာ၊ အီရန်နှင့် အိုမန်အသင်းတို့ တွေ့ဆုံနေသည်။ အုပ်စုအောက်ဆုံးနေရာရခဲ့သည့် မွန်ဂိုလီးယားနှင့် မော်လ်ဒိုက် အသင်းတို့မှာ အဆင့် ၅ နေရာလုပွဲ ကစားရမည်ဖြစ်သည်။

ရဲရင့်လွင်