ဖိလစ်ပိုင်နိုင်ငံ၌ တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် သေဆုံးသူ ၂၀၀ ကျော်ရှိလာ

ဒီဇင်ဘာ ၂၀

 

ဖိလစ်ပိုင်နိုင်ငံတွင် ရိုင်အမည်ရှိ တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် သေဆုံးသူ ၂၀၀ ကျော်ရှိလာသည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။

 

အဆိုပါ အင်အားပြင်းမုန်တိုင်းသည် ဖိလစ်ပိုင်အလယ်ပိုင်းရှိအခြားနေရာများနှင့်စီဘူးကျွန်းတစ်လျှောက် ဒီဇင်ဘာ ၁၆ ရက်ညပိုင်းမှ ၁၇ ရက်နေ့အထိ တိုက်ခတ်ခဲ့သည်။

 

ယင်းမုန်တိုင်းကြောင့် နေအိမ်များပျက်စီးခဲ့ပြီး ဒေသတော်တော်များများ ရေလွှမ်းမိုးမှုဖြစ်ပွားခဲ့သည်။

 

စီဘူးနှင့်ဘိုဟိုလ်ကျွန်းများတွင်  လူ ၂၀၈ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။

 

လူပေါင်း ၁၈၀၀၀၀ ကျော်သည် စာသင်ကျောင်းများနှင့် အခြားအဆောက်အအုံများတွင် ခိုလှုံနေကြသည်ဟု သိရသည်။

 

အချို့သောကျွန်းများတွင် သယ်ယူပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေသဖြင့် ဝေးလံသော ကျွန်းများရှိပျက်စီးမှု အတိုင်းအတာကို အပြည့်အဝအကဲဖြတ်ရန်  နိုင်ငံသဘာဝဘေးအန္တရာယ်ဆိုင်ရာအေဂျင်စီက အခက်အခဲနှင့်ရင်ဆိုင်နေရသည်။

 

အစိုးရက မုန်တိုင်းဒဏ်ခံပြည်သူများအား စားနပ်ရိက္ခာ၊ ရေ၊ ရွက်ဖျင်တဲများနှင့် အခြားသော ကယ်ဆယ်ရေး ပစ္စည်းများပေးပို့ရန်ဒေါ်လာသန်း၄၀ခန့် ပေးဝေသွားမည်ဖြစ်ကြောင်း ယမန်နေ့က ပြောကြားခဲ့သည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို