ဖိလစ်ပိုင်နိုင်ငံ၌ မြေပြိုမှုကြောင့် သေဆုံးသူ ၆၈ ဦးအထိ ရှိလာ

မနီလာ၊ ဖေဖော်ဝါရီ ၁၂

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းတွင် မြေပြိုမှု ဖြစ်ပွားခဲ့ခြင်းကြောင့် သေဆုံးသူစုစုပေါင်း ၆၈ ဦးရှိလာကြောင်းနှင့် ပျောက်ဆုံးနေသူ ၅၁ ဦးအား  ကယ်ဆယ်ရေးလုပ်သားများက ရွှံ့ညွန်များနှင့် အပျက်အစီးများအတွင်း  ရှာဖွေလျက်ရှိကြောင်း ဖိလစ်ပိုင်အစိုးရက  ဖေဖော်ဝါရီ ၁၂ ရက်တွင် ပြောကြားသည်။

အဆိုပါမြေပြိုမှုသည် ဖေဖော်ဝါရီ ၆ ရက် ညနေပိုင်းက ဒါဗောင်ဒီအိုရိုပြည်နယ်ရှိ မာကိုမြို့၏ တောင်တန်း ထူထပ်သောနေရာများတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူအများအပြား မြေပြိုမှုဒဏ်ခံခဲ့ရကာ လူနေအိမ် အများအပြားနှင့် မော်တော်ယာဉ်များ ပျက်စီးခဲ့ကြောင်း သိရသည်။

မြေပြိုမှုကြောင့် အနည်းဆုံး ၃၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း မာကိုမြို့သဘာဝဘေး ကြိုတင်ကာကွယ်ရေးရုံးက ပြောကြားသည်။ ကျေးရွာလေးရွာမှ အိမ်ထောင်စု ၁၃၄၇ စု သို့မဟုတ် လူဦးရေ ၅၄၃၁ ဦး မြေပြိုမှုဒဏ်ခံခဲ့ရ ကြောင်း သိရသည်။ ၂၀၂၂ ခုနှစ် ကမ္ဘာ့အန္တရာယ်ညွှန်းကိန်းအရ ဖိလစ်ပိုင်နိုင်ငံအား ကမ္ဘာပေါ်ရှိ သဘာဝဘေး ဖြစ်ပွားမှု အများဆုံးနိုင်ငံများစာရင်းတွင် နံပါတ်(၁)နေရာ၌ သတ်မှတ်ထားကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အလင်းသစ်