ဖိလစ်ပိုင်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၅၉၁ ဦး ထပ်မံတွေ့ရှိ

မနီလာ နိုဝင်ဘာ ၄

 

ဖိလစ်ပိုင်နိုင်ငံ၌ ယမန်နေ့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၅၉၁ ဦး ထပ်မံတွေ့ရှိရသဖြင့် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၂၇၉၃၈၉၈ ဦးရှိလာကြောင်း ကျန်းမာရေးဝန်ကြီး ဌာနက ပြောကြားသည်။

 

ထို့ပြင် ကိုဗစ်-၁၉ ရောဂါကြောင့် ၁၈၆ ဦးမှာ ထပ်မံသေဆုံးသဖြင့် သေဆုံးသူပေါင်း ၄၃၅၈၆ ဦး ရှိလာကြောင်း သိရသည်။ မနီလာမြို့ပြဒေသတွင် နိုဝင်ဘာ ၄ ရက်မှစတင်၍ ဈေးဝယ်စင်တာများကို ည ၁၁ နာရီအထိ အချိန်တိုးမြှင့်ဖွင့်လှစ်ရန် ခွင့်ပြုမည်ဖြစ်ကြောင်း မနီလာမြို့ပြဒေသ ဖွံ့ဖြိုးတိုးတက်ရေး အာဏာပိုင်အဖွဲ့ အကြီးအကဲ ဘင်ဂျမင်အေဘာလော့စ် က ပြောကြားသည်။ ။

ဖိလစ်ပိုင်နိုင်ငံအတွင်းရှိ မနီလာမြို့ပြဒေသနှင့် အခြားဒေသအများအပြား၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရေးလုပ်ငန်း အရှိန်ရလာပြီး နေ့စဉ်ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်းများ ကျဆင်း လာသောကြောင့် အသွားအလာ ကန့်သတ်မှုများ ဖြေလျှော့ရန် တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိပြီး နိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းများ ပြန်လည် စတင်လည်ပတ်နိုင်ရေးအတွက် ကြိုးပမ်းလျက်ရှိ သည်။ လက်ရှိအချိန်၌ မနီလာမြို့ပြဒေသရှိ လူဦးရေ ၈၇ ဒသမ၈ရာခိုင်နှုန်းမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံပြီးဖြစ်ကြောင်းနှင့် ယခုနှစ်အတွင်း နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရန် ဆောင်ရွက် လျက်ရှိကြောင်း အစိုးရက ပြောကြားသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-စိုးသူရ