ဖိလစ်ပိုင်နိုင်ငံ၌ အပူချိန်မြင့်မားမှုကြောင့် အပူနှင့်ဆက်စပ်သေဆုံးသူ ခြောက်ဦးရှိလာ

ဧပြီ ၂၄

ဖိလစ်ပိုင်နိုင်ငံတွင်  ယခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှဧပြီလ ၁၈ ရက်နေ့အထိ အပူနှင့်ဆက်စပ်သေဆုံးသူ ခြောက်ဦးအပါအဝင် ဖျားနာသူ ၃၄ ဦးထက်မနည်းရှိကြောင်း  ကျန်းမာရေးဦးစီးဌာနက ယနေ့တွင်ပြောကြားသည်။ သေဆုံးမှုဖြစ်ပွားသည့် အကြောင်းရင်းကိုသိရှိရန်စိစစ်နေဆဲဖြစ်ကြောင်း ထိုဌာနတာဝန်ရှိသူကပြောကြားသည်။ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း Soccsksargen ဒေသ၊ နိုင်ငံမြောက်ပိုင်း Ilocos ဒေသနှင့် နိုင်ငံအလယ်ပိုင်း Visayas ဒေသတို့မှ အပူနှင့်ဆက်စပ်ဖျားနာသူ ၃၄ ဦးရှိသည်ဟု သိရသည်။ ကျွန်းစုနိုင်ငံတစ်ဝှမ်းရှိ အချို့ဒေသများတွင် အပူချိန် ၅၁ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာနိုင်ကြောင်း ပြည်နယ်မိုးလေဝသဗျူရိုက ယခုလအစောပိုင်းက သတိပေးခဲ့သည်။ လာမည့်လအထိတိုင် အပူချိန်တိုးလာမည်ဟု ဗျူရိုကဆိုသည်။ ရာသီဉတုပူပြင်းမှုကြောင့် နိုင်ငံတစ်ဝှမ်းရှိစာသင်ကျောင်းများသည် ကျောင်းသားများ အထူးသဖြင့် ကလေးများကို အပူချိန်မြင့်မားမှုမှကာကွယ်ရန် ကျောင်းသင်ခန်းစာများကို အွန်လိုင်းမှသင်ကြားပေးရသည်။ အပူလွန်ကဲခြင်းကြောင့် ဖြစ်လာနိုင်သော  အကျိုးဆက်များကို   ရှောင်ရှားနိုင်ရန် မိုးလေဝသဗျူရိုက ဒေသခံများအား ပြင်ပလှုပ်ရှားမှုများကို လျှော့ချရန်နှင့် ရေများများသောက်ရန် အကြံပြုထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို