ဖိလစ်ပိုင်နိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာသင်္ဘောသားများနှင့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့

၃   ဇူလိုင်

 

ပြည်ပမှ COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုအန္တရာယ်တို့မှ ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် အစီအမံများကို ဆက်လက်ချမှတ်ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံသို့ ပျံသန်းသည့် ခရီးစဉ်များ ယာယီရပ်ဆိုင်းမှုကြောင့် ဖိလစ်ပိုင်နိုင်ငံတွင် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ပြန်ရန် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား(၁၅)ဉီးနှင့် Carnival အပျော်စီးသင်္ဘောလိုင်း၏ Conquest၊ Dream၊ Holland America သင်္ဘောများပေါ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် မြန်မာသင်္ဘောသား အမှုထမ်း(၁၁၀) စုစုပေါင်း(၁၂၅)ဉီးအား အဆိုပါသင်္ဘောကုမ္ပဏီနှင့် မြန်မာသံရုံး တို့၏ စီစဉ်ပေးမှုဖြင့် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းကယ်ဆယ်ရေးလေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ပေးခဲ့ရာ ယနေ့ ညနေ(၁၉:၀၀) နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာပြန်လည်ရောက်ရှိခဲ့ကြကြောင်း သိရသည်။ 

 

ဖော်ပြပါမြန်မာနိုင်ငံသားများ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှု ကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေးနှင့် (၂၁)ရက်တာ အသွားအလာကန့်သတ်နေထိုင် ရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက် ပေးခဲ့သည်။

           

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ပြည်ပနိုင်ငံ အသီးသီးတွင် ပိတ်မိ၍ အခက်အခဲကြုံတွေ့နေကြသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင် နိုင်ရေးအတွက် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာမြန်မာသံရုံးများနှင့် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဝန်ကြီးဌာနတို့နှင့် ပူးပေါင်းညှိနှိုင်း၍ ဆောင်ရွက်ပေးလျက်ရှိပါရာ ယနေ့အချိန်ထိ မြန်မာနိုင်ငံသားဦးရေစုစုပေါင်း(၆၆၄၈)ဦးအား မြန်မာနိုင်ငံသို့ပြန်လည် ခေါ်ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်