ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၁၀)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲ မတ်လတွင် ကျင်းပမည်

ရန်ကုန်  ၂  ဇန်နဝါရီ

 

ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၁၀)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁၈ ရက်မှ ၂၆ ရက်အထိ ကျင်းပမည့်အစား မတ် ၁၈ ရက်မှ ၂၈ ရက်အထိ ကျင်းပသွားမည်ဖြစ်‌ကြောင်း မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်မှ သိရသည်။

 

89

 

"သူတို့နိုင်ငံမှာ ရာသီဥတုအခြေအနေကြောင့် ပြိုင်ပွဲကို တစ်လနောက်ဆုတ်တယ်လို့ သိရပါတယ်။ ကျွန်တော်တို့ ကစားသမား များကို ၂၀၁၉ ခုနှစ်‌ မေလထဲက စခန်းသွင်း‌လေ့ကျင့်ခဲ့ပါတယ်။ ယခု တစ်လ‌‌နောက်ဆုတ်တော့ ကစားသမားတွေ လေ့ကျင့်ချိန် ထပ်ရတာပေါ့၊ ဒါကြောင့် ဇန်နဝါရီ ၆ ရက်နေ့ကစပြီး ဆက်လက်စခန်းသွင်း လေ့ကျင့်သွားမယ်။ ဒီစခန်းသွင်း တစ်လတာ စားစရိတ်ကို ကျန်းမားရေးနှင့် အားကစား၀န်ကြီးဌာနက တစ်ယောက်ကို သုံးထောင်ကျပ်နှုန်းနဲ့ ဆက်လက်‌ ကျွေးမွေးသွားမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲမှာ ရွှေ ၁၀ ခုမှ ၁၅ ခုအထိ ခန့်မှန်ထားပါတယ်ဟု" မြန်မာနိုင်ငံမသန်စွမ်း အားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။

 

အဆိုပါ ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၁၀)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် အားကစားနည်း ၁၅ နည်း ထည့်သွင်းကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်မှ အားကစားသမား ၁၀၈ ဦးတို့က အားကစားနည်း ၁၃ နည်း ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်‌ကြောင်း သိရသည်။

 

ယင်းပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ လက်ရွေးစင် မသန်စွမ်းကစားသမားများ၊ အုပ်ချုပ်သူများ၊ နည်းပြများ၊ ဆရာ၀န်များ၊ မျက်မမြင် အ‌ထောက်အကူပြုများ စုစု‌ပေါင်း ၁၆၅ ဦး သွားရောက်မည်ဖြစ်‌ကြောင်း သိရသည်။

 

၂၀၁၇ ခုနှစ်က မလေးရှားနိုင်ငံ၌ ကျင်းပခဲ့သည့် (၉)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားသမားများ အနေဖြင့် ရွှေ ၁၁ ခု၊ ငွေ ၁၅ ခု၊ ကြေး ၁၇ ခု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

 

သတင်း-အာကာလင်း၊ ဓာတ်ပုံ-အာကာစိုး