ဖိလစ်ပိုင်၌ ဂိုနီတိုင်ဖုန်းကြောင့် ၁၆ ဦးထက်မနည်းသေဆုံးပြီး ပြည်သူ ၃၉၀၀၀၀ ကျော် ဘေးလွတ်ရာသို့ ပြောင်းရွှေ့

မနီလာ  ၂  နိုင်ဝင်ဘာ

 

နိုဝင်ဘာ ၁ ရက်က ဖိလစ်ပိုင်နိုင်ငံတောင်ဘက် လူဇွန်ကျွန်းသို့ ဂိုနီတိုင်ဖုန်း ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် လူ ၁၆ ဦးထက်မနည်း သေဆုံးပြီး သုံးဦးပျောက်ဆုံးနေကြောင်း ဖိလစ်ပိုင် သဘာဝဘေးစီမံခန့်ခွဲရေးအဖွဲ့က ပြောကြားပါတယ်။

 

ဂိုနီတိုင်ဖုန်းဟာ နိုဝင်ဘာ ၁ ရက် ဒေသစံတော်ချိန် နံနက် ၄ နာရီ မိနစ် ၅၀ ခန့်က လူဇွန်ကျွန်းပေါ်ရှိ ဘီကောလ်၊ ကတန်ဒွန်းစ်နှင့် အယ်လ်ဘေးပြည်နယ် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် ၁၆ ဦး သေဆုံးသွားပြီး အယ်လ်ဘေးပြည်နယ် ဂွီနိုဘာတန်မြို့မှာ သုံးဦးပျောက်ဆုံးသွားတယ်လို့ သိရပါတယ်။

 

ဒါ့အပြင် ဂိုနီတိုင်ဖုန်းကြောင့် ဒေသခံပြည်သူ ၃၉၀၀၀၀ ကျော် ဘေးလွတ်ရာသို့ ပြောင်းရွှေ့သွားပြီး အများစုမှာ အစိုးရပိုင်ခိုလှုံရေးစခန်းများမှာ နေထိုင်ကြပါတယ်။

 

တိုင်ဖုန်းဟာ တစ်နာရီလျှင် ၂၂၅ ကီလိုမီတာနှုန်းဖြင့် လူဇွန်ကျွန်း ကုန်းတွင်းပိုင်းသို့ ဝင်ရောက်တိုက်ခတ် ခဲ့ပြီး မုန်တိုင်းရဲ့အရှိန်ကြောင့် ဘီကောလ်ဒေသမှာ မိုးသည်းထန်စွာရွသွန်းကာ ရေကြီးရေလျှံမှုတွေနဲ့ မြေပြိုမှုများဖြစ်ပွားခဲ့ပါတယ်။ တိုင်ဖုန်းကြောင့် ဖိလစ်ပိုင်နိုင်ငံအတွင်းမှာရှိတဲ့ နယ်ပယ် ၁၇ ခုအနက် ၁၂ ခုမှာ ပျက်စီး ဆုံးရှုံးမှုတွေဖြစ်ပွားခဲ့တယ်လို့ သိရတယ်။

 

နာရီအနည်းငယ်အကြာမှာ စူပါတိုင်ဖုန်းအဆင့်မှ အားပျော့လာပြီး တစ်နာရီလျှင် ၂၅ ကီလိုမီတာနှုန်းဖြင့် လူဇွန်ကျွန်းအနောက်ဘက်ဆီသို့ ဦးတည်ရွှေ့လျားသွားပါတယ်။ တောင်တရုတ်ပင်လယ်သို့ ဦးတည်ရွေ့လျားစဉ် အင်အားပြင်းထန်သော အပူပိုင်းမုန်တိုင်းအဖြစ် ပိုမိုအားပျော့လာမည်လို့ မိုးလေဝသဌာနက ခန့်မှန်း ထားပါတယ်။

 

ဖိလစ်ပိုင်နိုင်ငံသည် ဇွန်လမှ ဒီဇင်ဘာလအထိ တိုင်ဖုန်းနှင့် အပူပိုင်းမုန်တိုင်းများနှင့် ပုံမှန်ရင်ဆိုင်ကြုံတွေ့လျက်ရှိပြီး လူရာနှင့်ချီ သေဆုံးမှုနှင့် ဒေါ်လာဘီလီယံနှင့်ချီ တန်ဖိုးရှိ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်စေလျက်ရှိကြောင်း သိရပါတယ်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - ဂျေတီ