ဖိလစ်ပိုင်မြောက်ပိုင်းနှင့် အလယ်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ငါးဦးသေဆုံးပြီး ခုနှစ်သိန်းကျော် ဘေးလွတ်ရာသို့ပြောင်းရွှေ့

မနီလာ ၂၃ ဇူလိုင် 

ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် မိုးများ ဆက်တိုက်ရွာသွန်းမှုကြောင့် ငါးဦးသေဆုံးပြီး ရေဘေးသင့်သူ ၇၂၀ဝဝဝ ရှိကြောင်း ဖိလစ်ပိုင်နိုင်ငံအစိုးရက မကြာသေးမီကပြောသည်။

ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်း မောင်တင်ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားခဲ့ရာ တစ်ဦးသေဆုံးပြီး နိုင်ငံအလယ်ပိုင်း နီဂရို့စ်အိုရီရန်တယ် ပြည်နယ်တွင် မြစ်ရေမြင့်တက်မှုကြောင့် တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း သဘာဝဘေးအ္တရာယ် လျော့ပါးရေးနှင့် စီမံခန့်ခွဲမှုကောင်စီက ဇူလိုင် ၂၂ ရက်ကကြေညာခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ အန်းတစ်ပြည်နယ်တွင်လည်း မြေပြိုမှုကြောင့် ကလေးနှစ်ဦးသေဆုံးခဲ့ပြီး နီဂရို့စ်အိုရီရန်တယ်ပြည်နယ်တွင်လည်း ရေကြီး ရေလျှံမှုဖြစ်ပွားရာ လူတစ်ဦး ရေနစ်သေဆုံးကြောင်း ရဲတပ်ဖွဲ့က အတည်ပြုပြောကြားခဲ့သည်။

ရက်သတ္တတစ်ပတ်ကြာ ဆက်တိုက်မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် ရေဘေးသင့်ပြည်သူ ၇၂၀ဝဝဝ ရှိပြီး ၎င်းတို့အနက် ၂၃၀ဝဝဝ မှာ အစိုးရဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံလျက်ရှိကြောင်းသိရသည်။

မိုးသည်းထန်စွာရွာသွန်းမှုများမှာ ရပ်တန့်မသွားဘဲ နောက်ထပ် ရက်အနည်းငယ်အထိ ဆက်လက်ရွာသွန်းနိုင်ကြောင်း ဖိလစ်ပိုင် မိုးဇလက ခန့်မှန်ထားသည်။ ဖိလစ်ပိုင်နိုင်ငံတွင် နှစ်စဉ် တိုင်ဖွန်းမုန်တိုင်း အကြိမ် ၂၀ ခန့် တိုက်ခတ်လေ့ရှိရာ အများအားဖြင့် မိုးရာသီကာလဖြစ်သည့် ဇွန်လမှနိုဝင်ဘာလကြားတွင် ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

ဆင်ဟွာ