ဖိလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲတွင်  မြန်မာ Arnis အဖွဲ့ ကစားသမား ၁၈ ဦးဖြင့် ယှဉ်ပြိုင်မည်

၁၇  နိုဝင်ဘာ

 

မြန်မာ Arnis အဖွဲ့သည် အကြိမ် (၃၀) မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ကစားသမား ၁၈ ဦးဖြင့် ပြိုင်ပွဲအမျိုးအစား ၂၀ တွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

 

ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့တွင် နည်းပြများအဖြစ် လာဗာရစ် (ဖိလစ်ပိုင်)၊ ဦးအောင်ဝင်း၊ ဦးဇန်လွန်ခုပ်၊ ကစားသမားများအဖြစ် အမျိုးသား-ဗန်လျန်ခေါလ်၊ သက်နိုင်ဦး၊ ဝင်းသက်ပိုင်၊ စိုးပိုင်၊ ကျော်သူရိန်ထွန်း၊ အောင်ခိုင်လင်း၊ တင်ကို၊ နေလင်းဦး၊  ဘီဘီကျော်အောင်၊ ရာဇာထွန်း၊ အမျိုးသမီး-အိန္ဒြေဖူး၊ အယ်လ်ရှီလာမင်းနိုင်၊ ဝတ်ရည်ချို၊ မော်မော်ဦး၊ သက်ဝေဦး၊ သန္တာခိုင်၊ လှနွယ်အေး မိုးမိုးအေးတို့ ပါဝင်ကြသည်။  မြန်မာ Arnis အဖွဲ့သည် ဆီးဂိမ်းပြိုင်ပွဲအတွက် မေလတွင် စတင်ပြင်ဆင်ခဲ့ပြီး ကစားသမား ၁၈ ဦးဖြင့် ပြိုင်ပွဲအမျိုးအစား ၂၀ စလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ဆီးဂိမ်း Arnis အားကစားနည်းတွင် ဖော့ကြိမ်တုတ် အတိုက် (Paddedstick) ပြိုင်ပွဲ၊ ကြိမ်တုတ်အတိုက် (Livestick) ပြိုင်ပွဲ၊ စွမ်းရည်ပြပြိုင်ပွဲများ ပါဝင်မည်ဖြစ်ပြီး ဖော့ကြိမ်တုတ် အတိုက် (Paddedstick) ပြိုင်ပွဲတွင် အမျိုးသားလေးမျိုး၊ အမျိုးသမီးလေးမျိုး၊  ကြိမ်တုတ်အတိုက် (Livestick) ပြိုင်ပွဲတွင် အမျိုးသားပြိုင်ပွဲလေးမျိုး၊ အမျိုးသမီးပြိုင်ပွဲလေးမျိုး၊ စွမ်းရည်ပြပြိုင်ပွဲတွင် အမျိုးသားပြိုင်ပွဲနှစ်မျိုး၊ အမျိုးသမီးပြိုင်ပွဲနှစ်မျိုး ပါဝင်မည်ဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် Arnis အားကစားနည်းတွင် ပြိုင်ပွဲဝင်နိုင်ငံ အရေအတွက် တိုးမြင့်လာစေရန် နည်းပြများစေလွှတ်ပေးလျက်ရှိပြီး မြန်မာကစားသမားများ အတွက် ဖိလစ်ပိုင်အမျိုးသမီးနည်းပြ လာဗာရစ်က ဇူလိုင်လကတည်းက လေကျင့်ပေးလျက် ရှိသည်။ ဖိလစ်ပိုင် Arnis အဖွဲ့သည် အောက်တိုဘာလတွင် နေပြည်တော်၌ မြန်မာကစားသမားများနှင့် ပူးတွဲလေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီး မြန်မာကစားသမားများအနေဖြင့် ဆီးဂိမ်းပြိုင်ပွဲမတိုင်မီ နိုင်ငံတကာပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့ခြင်းမရှိသော်လည်း ပူးတွဲလေ့ကျင့်မှုများ ပြုလုပ်ခဲ့ရသောကြောင့် တိုးတက်မှုများစွာ ရှိလာခဲ့သည်။

 

Arnis အားကစားနည်းသည် ဖိလစ်ပိုင်နိုင်ငံ၌ ရိုးရာအားကစားနည်းဖြစ်ပြီး အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့်ပြိုင်ပွဲတွင် ထည့်သွင်းကျင်းပခြင်းဖြစ်သည်။ မြန်မာ Arnis အဖွဲ့သည်   Arnis အားကစားနည်းတွင် ဒုတိယအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ၁၉၉၁ ပြိုင်ပွဲတွင် ပထမအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

 

ယင်းနောက်ပိုင်းတွင် မြန်မာနိုင်ငံ၌ Arnis အားကစားနည်း ကျယ်ပြန့်လာခြင်းမရှိသောကြောင့် ပြိုင်ပွဲများယှဉ်ပြိုင်နိုင်ခြင်းမရှိဘဲ နှစ်ပေါင်း ၃၀ နီးပါးမှ တစ်ကျော့ပြန် ယှဉ်ပြိုင်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် Arnis အားကစားသမား သီးခြားမရှိသောကြောင့် မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ်၏ အစီအစဉ်ဖြင့် ကစားသမားများ ရွေးချယ်ကာ လေ့ကျင့်ပြင်ဆင်နေခြင်းဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

 

ဓာတ်ပုံ-စိုးညွန့်

 

၄၄