ဖီဖာရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားစာရင်းတွင် လီဝန်ဒိုစကီး၊ မက်ဆီနဲ့ ဆာလာတို့ ဆန်ကာတင် ရွေးချယ်ခံရ

ဇန်နဝါရီ   ၉

ဂျာမန်ဘွန်ဒက်လီဂါကလပ် ဘိုင်ယန်မြူးနစ်အသင်းမှ ပိုလန်တိုက်စစ်မှူး လီဝန်ဒိုစကီး၊ ပြင်သစ်ပထမတန်းကလပ် ပီအက်စ်ဂျီအသင်းမှ အာဂျင်တီးနားတိုက်စစ်မှူး လီယွန်နယ်မက်ဆီနဲ့ အင်္ဂလန်ပရီမီယာလိဂ်ကလပ် လီဗာပူးအသင်းမှ အီဂျစ်တိုက်စစ်မှူး မိုဟာမက်ဆာလာတို့ဟာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ပေးအပ်ချီးမြှင့်မယ့် တစ်နှစ်တာအကောင်းဆုံး ကစားသမားစာရင်းမှာ ဆန်ကာတင် ရွေးချယ်ခံခဲ့ရတယ်လို့ သိရပါတယ်။

ဂျာမန်ဘွန်ဒက်လီဂါသွင်းဂိုး ၄၁ ဂိုးအထိသွင်းယူ တိုက်စစ်မှူး လီဝန်ဒိုစကီးဟာ ၂၀၂၀ ပြည့်နှစ်အတွင်းက ဖီဖာရဲ့တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့သူဖြစ်ပြီး ၂၀၂၀-၂၀၂၁ ဘောလုံးရာသီအတွင်းမှာ ဂျာမန်ဘွန်ဒက်လီဂါသွင်းဂိုး ၄၁ ဂိုးအထိသွင်းယူနိုင်ခဲ့တာကြောင့် ၁၉၇၁-၇၂ ဘောလုံးရာသီအတွင်းက ဘွန်ဒက်လီဂါမှာ စံချိန်တင်ဂိုးသွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဂတ်မူလာရဲ့ ဂိုးသွင်းစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။

အခုဖီဖာရဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုအတွက် ဆန်ကာတင်ရွေးချယ်ခံခဲ့ရတဲ့ တိုက်စစ်မှူး မက်ဆီကတော့ ၂၀၂၁ ခုနှစ်အတွင်းက အာဂျင်တီးနားအသင်းကို ကိုပါအမေရိကဖလား ရရှိအောင် စွမ်းဆောင်ပေးခဲ့ပြီး အာဂျင်တီးနား အသင်းနဲ့အတူ ဖီဖာရဲ့ တစ်နှစ်တာမှ နိုင်ငံတကာဆုဖလားမရရှိခဲ့တဲ့ မှတ်တမ်းဆိုးကိုလည်း အဆုံးသတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ အဲဒီလို စွမ်းဆောင်နိုင်ခဲ့တာကြောင့် အသက် ၃၄ နှစ်အရွယ်ရှိ တိုက်စစ်မှူး မက်ဆီဟာ ပြီးခဲ့တဲ့လအတွင်းက ကမ္ဘာ့အကောင်းဆုံးကစားသမားကို ပေးအပ်ချီးမြှင့်တဲ့ ဘလွန်းဒီအောဆုကိုလည်း ရရှိခဲ့တာဖြစ်ပါတယ်။

အီဂျစ်တိုက်စစ်မှူး မိုဟာမက်ဆာလာကတော့ ယခုပရီမီယာလိဂ်ပြိုင်ပွဲမှာ သွင်းဂိုးစုစုပေါင်း ၁၆ ဂိုးနဲ့ ပရီမီယာလိဂ်ရဲ့ ဂိုးအများဆုံးသွင်းယူနိုင်ခဲ့တဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ထားတာဖြစ်ပါတယ်။ ဒါကြောင့် ဖီဖာရဲ့ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ဒီကစားသမားသုံးဦးထဲက ဘယ်သူရရှိမလဲ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဖီဖာရဲ့ တစ်နှစ်တာအကောင်းဆုံး အမျိုးသမီးကစားသမား ဆန်ခါတင် စာရင်းမှာတော့ ဆမ်ကာ၊ ဂျန်နီဖာဟာမိုဆို နဲ့ အလက်ဇီးယား ပူတယ်လက်စ်တို့ ပါဝင်နေပြီး ဩစတြေးလျတိုက်စစ်မှူး ဆမ်ကာ ဟာ ၂၀၂၁ ခုနှစ်အတွင်းက ချယ်လ်ဆီး အမျိုးသမီးအသင်းနဲ့အတူ အမျိုးသမီး စူပါလိဂ်ဖလားကို ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဟာမိုဆိုနဲ့ ပူတယ်လက်စ်တို့ကတော့ ဘာစီလိုနာအသင်းနဲ့အတူ အမျိုးသမီးချန်ပီယံလိဂ်ဖလားကို ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဖီဖာရဲ့ တစ်နှစ်တာအကောင်းဆုံးဆုတွေကို နိုင်ငံလက်ရွေးစင်အသင်းတွေမှ နည်းပြတွေ၊ အသင်းခေါင်းဆောင်တွေ၊ သတင်းစာပညာရှင်တွေနဲ့ ပရိသတ်တွေက မဲပေးရွေးချယ်ခဲ့တာဖြစ်ပြီး ဆုပေးပွဲကို ဇန်နဝါရီ ၁၇ ရက်မှာ ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့မှာ ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ငွေကြယ်