ဖီဖာမှပေးအပ်ချီးမြှင့်သည့် ၂၀၂၁ ခုနှစ် အကောင်းဆုံးကစားသမားဆု လီဝမ်ဒေါစကီး ဆွတ်ခူး

ဘိုင်ယန်မြူးနစ်နှင့် ပိုလန်တိုက်စစ်မှူး လီဝမ်ဒေါစကီးသည် ဖီဖာမှ ပေးအပ်ချီးမြှင့်သည့် ၂၀၂၁ ခုနှစ် အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ကြောင်း သတင်းများ တွင် ဖော်ပြထားသည်။ ပြက္ခဒိန်တစ်နှစ်အတွင်း ၆၉ ဂိုး သွင်းယူနိုင်ခဲ့သော အသက် ၃၃ နှစ်အရွယ် တိုက်စစ်မှူး လီဝမ်ဒေါစကီးသည် လီဗာပူးအသင်းမှ ဆာလာနှင့် ပီအက်စ်ဂျီအသင်းမှ မက်ဆီတို့ကို ကျော်ဖြတ်ကာ အဆိုပါဆုကို ရရှိခဲ့ခြင်းဖြစ်သည်။ ထို့အပြင် လီဝမ်ဒေါစကီးသည် ၂၀၂၀ ပြည့်နှစ်ကလည်း အဆိုပါဆုကို ဆွတ်ခူးရရှိထားသည်။

ထို့အပြင် လီဝမ်ဒေါစကီးသည် ပြီးခဲ့သည့်နှစ်တွင် ဂတ်မူလာ၏ ၄၉ နှစ်ကြာ စံချိန်တင်ထားခဲ့သော ပြက္ခဒိန် တစ်နှစ်အတွင်း ဘွန်ဒက်စ်လီဂါ သွင်းဂိုးအများဆုံးကို ၃၄ ပွဲကစားပြီး ၄၃ ဂိုးဖြင့် ချိုးဖျက် ထားနိုင်ခဲ့သူလည်း ဖြစ်သည်။ ဖီဖာမှပေးအပ်ချီးမြှင့်သည့် ၂၀၂၁ ခုနှစ် အကောင်းဆုံးအမျိုးသမီး ကစားသမားဆုကို ဘာစီလိုနာနှင့် စပိန်ကွင်းလယ်ကစားသမား ပူတဲလပ်စ်က ဆွတ်ခူးရရှိခဲ့သည်။ ပူတဲလပ်စ်သည် ပြီးခဲ့သည့်ရာသီတွင် ဘာစီလိုနာအသင်းကို ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်အောင် ကူညီပေးထားနိုင်သူဖြစ်သည်။

ချယ်ဆီးနည်းပြ တူချယ်သည် စတန်းဖို့ဒ်ဘရစ်သို့ ပြောင်းရွှေ့ရောက်ရှိလာပြီးနောက် ချယ်ဆီးအသင်းကို ချန်ပီယံလိဂ်ဖလား ရရှိအောင် စွမ်းဆောင်ပေးထားနိုင်သူဖြစ်သည်။ ထို့အပြင် ချယ်ဆီးအမျိုးသမီး အသင်း နည်းပြဖြစ်သူ အမ်မာဟေးလ်သည်လည်း အမျိုးသမီးချယ်ဆီးအသင်းကို အမှတ်ပေးဖလား ဆွတ်ခူးနိုင်အောင် စွမ်းဆောင်ပေးထားနိုင်သည့်အပြင် ချန်ပီယံလိဂ်ပြိုင်ပွဲတွင်လည်း ဗိုလ်လုပွဲသို့ ရောက်ရှိအောင်ကူညီပေးထားနိုင်သူ ဖြစ်သည်။

ချယ်ဆီးဂိုးသမား မန်ဒီသည် မန်စီးတီးအသင်းကို အနိုင်ရရှိခဲ့သော ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ဂိုးမပေးရအောင် စွမ်းဆောင်နိုင်မှု အပါအဝင် စတန်းဖို့ဒ်ဘရစ်တွင် လက်စွမ်းပြသထားနိုင်မှုကြောင့် အကောင်းဆုံး ဂိုးသမားဆုကို ဆွတ်ခူးနိုင်ခဲ့သည်။ လက်ရှိဆီဗီလာအသင်းတွင် ကစားလျက်ရှိသော စပါးကစားသမားဟောင်း လာမယ်လာက ပွတ်စ်ကပ်ဆုကို ဆွတ်ခူးနိုင်ခဲ့သည်။

အကောင်းဆုံးအမျိုးသမီးဂိုးသမားဆုကို အန်လာ၊ အကောင်းဆုံးပရိသတ်ဆုကို ဒိန်းမတ်နှင့် ဖင်လန်၊ အထူးဆုကို စီရော်နယ်ဒို၊ အကောင်းဆုံး Fair Play Award ဆုကို ဒိန်းမတ်အသင်း ဒိန်း မတ်ဆေးအဖွဲ့နှင့် နည်းပြအဖွဲ့ဝင်များက ဆွတ်ခူးနိုင်ခဲ့သည်။

အောင်ဇော်