ဖိစီးနေတဲ့စိတ်ကို ၅ မိနစ်အမြန်ဖြေလျှော့နည်း

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


ကြုံဖူးမှာပေါ့ စိတ်တွေရှုပ်လာပြီ ဘာမှလုပ်မရတော့ဘူးဆိုတာမျိုး။ အိမ်မှာတည်းက စိတ်မကြည်လင်တာ၊ ကားလမ်းပိတ်လို့ စိတ်ကဘူလာတာ၊ အလုပ်မှာစိတ်ရှုပ်ရတာ စတဲ့ စိတ်ဖိစီးမှုတွေက နေ့တိုင်းရှိနေတာပဲလေ။ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် စိတ်ဖိစီးမှုဆိုတာ ရှောင်လွှဲလို့သိပ်မလွယ်တဲ့ အရာဆိုတော့ ဘယ်လိုဖြေရှင်းမလဲဆိုတာပဲ စဉ်းစားကြရအောင်။


စိတ်ဖိစီးမှုဆိုတာ ကြောက်စရာမှမဟုတ်တာ။ ကိုယ်ဖြေရှင်းလိုက်ရင် ပျောက်ကွယ်သွားမယ့်အရာပဲ။ လှုပ်ရှားလုပ်ကိုင်နေရင်း ဒီစိတ်နဲ့ ဘယ်လိုနှစ်ပါးသွားမလဲဆိုတာ အမြန်ဖြေရှင်းနည်းလေးတွေ ပြောပြမယ်။ အချိန်ငါးမိနစ်ပဲ လိုပါတယ်။ ကြိုက်တဲ့တစ်နည်းကို သုံးနိုင်ပါတယ်။


၅ မိနစ်အမြန် စိတ်ဖြေလျှော့နည်း


(၁) အာရုံစိုက်ပြီး အသက်ရှူပါ


ခပ်ပြင်းပြင်းကြီးရှိုက်ရှူဖို့ပဲ ပြောတာမဟုတ်ဘူးနော်။ နှာဖျားဝကိုဝင်လာတဲ့လေကို အာရုံစိုက်ပြီး ကြာနိုင်သလောက်ကြာကြာရှိုက်ရှူပါ။ ထွက်လေနဲ့ဝင်လေကို သေချာလိုက်အာရုံပြုပြီး ဝမ်းဗိုက်တစ်ခုလုံး ပြန့်ကားတဲ့အထိ ရှူသွင်းရှူထုတ်ပါ။


(၂) တရားထိုင်ပါ


မအားပါဘူး၊ နေရာအဆင်မပြေဘူးတော့ အကြောင်းပြမနေပါနဲ့။ ဘတ်စ်ကားပေါ် မတ်တပ်ရပ်နေရရင်တောင် တည်တည်ငြိမ်ငြိမ် စိတ်ကိုတရားထိုင်သလိုထားလို့ ရနိုင်ပါတယ်။ ဥပမာပြောတာပါ။ ဆိုင်မှာဖြစ်ဖြစ်၊ အလုပ်ကထိုင်ခုံမှာဖြစ်ဖြစ် မျက်လုံးလေးမှိတ်၊ ဖြည်းဖြည်းချင်း အာရုံစုစည်းပြီး ကိုယ့်စိတ်အေးချမ်းစေမယ့် စာကြောင်းလေးတစ်ခုခု (ဘုရားစာပဲဖြစ်ဖြစ်၊ စိတ်ခွန်အားပေးတာပဲဖြစ်ဖြစ်)ကို စိတ်ထဲကရွတ်ဆို ဒါမှမဟုတ် ပါးစပ်က တိုးတိုးလေးရွတ်ဆိုနေပါ။ ဒီငါးမိနစ်အတွင်းမှာ အသက်ရှူသွင်းရှူထုတ်ကိုလည်း အာရုံပြုရင်း ရွတ်ဆိုနေပါ။ ပြီးတဲ့အခါ စိတ်ပေါ့ပါးနေပါလိမ့်မယ်။


(၃) လှုပ်ရှားပါ


နှစ်မိနစ်လောက်လှုပ်ရှားလိုက်ရုံနဲ့ စိတ်ကိုတက်ကြွပျော်ရွှင်စေတဲ့ အန်ဒိုဖင် ဟော်မုန်းတွေကို ထွက်ရှိစေနိုင်တယ်။ စာကျက်နေတာ၊ အလုပ်လုပ်နေတာဆိုလည်း အနီးအနားခဏထပြီး ငါးမိနစ်လမ်းလျှောက်ပါ။ ထလို့မအားသေးရင် ထိုင်လျက်နဲ့ပဲ အကြောဆန့်ရင်ဆန့်ပေါ့။ ခုံမှာထိုင်ပြီး စိတ်ဖိစီးနေတာထက် လှုပ်ရှားလိုက်တာ အပြောင်းအလဲလေးဖြစ်စေပါတယ်။ အပြင်နဲ့နီးရင် ပြင်ပရှုခင်းကို ပြတင်းပေါက်ကနေကြည့်ပါ။


(၄) ဒစ်ဂျစ်တယ်တွေနဲ့ ခဏခွာပါ


သီချင်းနားထောင်ရင်း အလုပ်လုပ်နေတာလား၊ ကွန်ပျူတာပဲကြည့်နေရတာလား၊ ဖုန်းကြည့်နေတာလား။ ဒစ်ဂျစ်တယ်ပစ္စည်းတွေ ခဏပိတ်၊ နားပြီး မျက်စိမှိတ်ထားပါ။ တဖြည်းဖြည်းစိတ်ကိုဖြေလျှော့ပြီး အေးချမ်းတဲ့ အဝေးတစ်နေရာရောက်နေသလို တွေးလိုက်ပါ။ ဒီနည်းကတော့ ကိုယ်ပတ်ဝန်းကျင် ဆူညံမနေဖို့တော့ လိုတာပေါ့နော်။


(၅) ပီကေဝါးပါ


ပီကေဝါးတာက စိတ်ဖိစီးမှုကို လျော့စေတဲ့ အလွယ်ဆုံးနည်းပါ။ သုံးမိနစ်လောက် ပီကေဝါးတာနဲ့တင် အလုပ်မှာစိတ်ဖိစီးရတာ အတော်လေးလျော့သွားစေတယ်လို့ သုတေသနတွေက ဆိုပါတယ်။


(၆) အားရပါးရရယ်ပါ


တအားအော်ရယ်ဖို့ပြောတာ မဟုတ်ဘူးနော်။ လူကြားထဲ အကျယ်ကြီးရယ်လို့ စိတ်မပြေရဘဲ ပိုပြဿနာတက်နေမယ်။ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားလေးနည်းနည်းပြောရင်း စိတ်လွတ်ကိုယ်လွတ်ရယ်မောပါ။ ရယ်စရာလေးတွေပြောတာ၊ ရယ်စရာ ဗီဒီယိုလေးအတိုလေး ကြည့်တာတွေက ငါးမိနစ်အတွင်း ပေါ့ပေါ့ပါးပါး ရယ်မောမိစေနိုင်တဲ့ နည်းတွေပါ။ စိတ်ရှုပ်ပြီး မျက်နှာမှုန်နေတာနဲ့စာရင် ရယ်ကြည့်ပါ။ စိတ်ထဲပေါ့သွားတာ ခံစားမိပါလိမ့်မယ်။


ဒီနည်းတွေ အကုန်လုပ်ဖို့မလိုပါဘူးနော်။ Hello ဆရာဝန် ပရိသတ်များ ကိုယ်နဲ့အဆင်ပြေရာ စိတ်ဖြေနည်းကိုသုံးပြီး စိတ်လက်ပေါ့ပါးနိုင်ကြပါစေ။


Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။


“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”