ဖေဖော်ဝါရီလအတွက် MNL အကောင်းဆုံးဆုကို ဦးတင်မောင်ထွန်းနှင့် မောင်မောင်လွင်ရရှိ

ရန်ကုန် ၇ မတ်

 

မြန်မာနေရှင်နယ်လိဂ်ကော်မတီက ရွေးချယ်ချီးမြင့်သည့် ၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ၏ ဖေဖော်ဝါရီလအတွက် တစ်လတာအကောင်းဆုံးဆုများကို ရန်ကုန်အသင်းနည်းပြချုပ် ဦးတင်မောင်ထွန်းနှင့် ရန်ကုန်အသင်းတောင်ပံကစားသမား မောင်မောင်လွင်တို့ ရရှိခဲ့သည်။

 

ရန်ကုန်အသင်းသည် ဖေဖော်ဝါရီလအတွင်း ကစားခဲ့သည့် ငါးပွဲတွင် ရလဒ်ကောင်းများရခဲ့သောကြောင့် အကောင်းဆုံးနည်းပြဆုနှင့် ကစားသမားဆုကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ရန်ကုန်အသင်းသည် ဖေဖော်ဝါရီတွင် ကစားသည့်ငါးပွဲတွင် လေးပွဲနိုင်၊ တစ်ပွဲသရေကျခဲ့ပြီး စစ်ကိုင်းအသင်းကို နှစ်ဂိုး-ဂိုးမရှိ၊ အားကာသိပ္ပံအသင်းကို နှစ်ဂိုး-ဂိုးမရှိ၊ Southern အသင်းကို တစ်ဂိုး-ဂိုးမရှိ၊ ရခိုင်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရပြီး ရှမ်းယူနိုက်တက်အသင်းနှင့် နှစ်ဂိုးစီသရေကျခဲ့သည်။ ထို့ကြောင့် အကောင်းဆုံးနည်းပြဆုကို ဦးတင်မောင်ထွန်းက ရရှိခဲ့ခြင်းဖြစ်သည်။ အကောင်းဆုံးကစားသမားဆုရ မောင်မောင်လွင်သည် ယင်းငါးပွဲတွင် တစ်ဂိုးသာသွင်းယူနိုင်ခဲ့သော်လည်း ကစားဖော်များဂိုးရရန် ဂိုးဖန်တီးမှုများ ပြုလုပ်နိုင်ခဲ့သောကြောင့် ရွေးချယ်ခံရခြင်းဖြစ်သည်။ ယင်းဆုများကို မတ် ၇ ရက်က ပုသိမ်ကွင်း၌ ကျင်းပသည့် ဧရာဝတီနှင့် ရန်ကုန်အသင်းပွဲမတိုင်မီ ချီးမြှင့်ခဲ့ပြီး အကောင်းဆုံး ကစားသမားဆုကို ဆုတံဆိပ်နှင့် ကျပ်နှစ်သိန်း၊ အကောင်းဆုံးနည်းပြဆုကို ဆုတံဆိပ်နှင့် ကျပ်တစ်သိန်းခွဲ ချီးမြင့်ခဲ့ပြီး ဆုကြေးများတိုးမြင့်ပေးထားကြောင်း သိရသည်။

 

ယခုရာသီတွင် လအလိုက်အကောင်းဆုံးဆု နှစ်ကြိမ်သာ ချီးမြှင့်ရသေးပြီး ဇန်နဝါရီအတွက် အကောင်းဆုံးဆုများကို ဦးမျိုးမင်းထွန်း (ဟံသာဝတီ) နှင့် ဒိုနယ် (ဟံသာဝတီ)၊ ဖေဖော်ဝါရီအတွက် အကောင်းဆုံးဆုများကို ဦးတင်မောင်ထွန်း (ရန်ကုန်) နှင့် မောင်မောင်လွင် (ရန်ကုန်) တို့က ရရှိခဲ့သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-MNL