ဖေဖော်ဝါရီအတွက် MNL-2 တစ်လတာအကောင်းဆုံးဆုကို Chinland အသင်း ရရှိ

၉  မတ်

မြန်မာနေရှင်နယ်လိဂ်ကော်မတီက ရွေးချယ်သည့် ၂၀၂၀ MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲ၏ ဖေဖော်ဝါရီလအတွက် တစ်လတာ အကောင်းဆုံးဆုများကို Chinland အသင်းက ရရှိခဲ့ပြီး နည်းပြဆုကို ဦးဘုန်းနိုင်၊ ကစားသမားဆုကို မန်ထိပ်ပေါင်တို့က ရရှိခဲ့သည်။

Chinland အသင်းသည် ဖေဖော်ဝါရီတွင်ကစားသည့်သုံးပွဲစလုံးအနိုင်ရခဲ့သောကြောင့် နည်းပြဆုနှင့် ကစားသမားဆုနှစ်ခုစလုံးကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ဦးဘုန်းနိုင်သည် သုံးပွဲစလုံး အနိုင်ရအောင် စွမ်းဆောင် နိုင်ခဲ့သောကြောင့် အကောင်းဆုံးနည်းပြဆုရရှိခဲ့သလို မန်ထိပ်ပေါင်မှာလည်း အသင်းအတွက် ခြေစွမ်းပြပြီး ဂိုးများသွင်းယူနိုင်သောကြောင့် အကောင်းဆုံးကစားသမားဆုရရှိခြဲ့ခင်းဖြစ်သည်။

ယင်းဆုများကို မတ် ၉ ရက်က စလင်းကွင်း၌ ကျင်းပသည့်  Chinland အသင်းနှင့် Junior Lions အသင်းတို့ပွဲမတိုင်မီ ဆုချီးမြင့်ခဲ့ပြီး မြန်မာနေရှင်နယ်လိဂ်ကော်မတီ အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က ပေးအပ်ချီးမြင့်ခဲ့သည်။ MNL-2 လအလိုက်အကောင်းဆုံးဆုများကိုလည်း ဆုကြေးငွေတိုးမြင့်ပေးထားပြီး ကစားသမားဆုကို ကျပ်တစ်သိန်းခွဲ၊ နည်းပြဆုကို ကျပ်တစ်သိန်းချီးမြင့်ခဲ့သည်။

မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် MNL ပြိုင်ပွဲအပြင် MNL-2 (ပထမတန်း) ပြိုင်ပွဲတွင်လည်း လအလိုက်အကောင်းဆုံးဆုများ ချီးမြင့်နေပြီး MNL-2 ပြိုင်ပွဲ၏ ဇန်နဝါရီလအတွက် အကောင်းဆုံးနည်းပြဆုကို ဦးမောင်မောင်အေး (မြဝတီ) နှင့် ကောင်းစည်သူ (မြဝတီ) တို့ ဆွတ်ခူးရရှိခဲ့သည်။

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ - MNL