ဖေ့စ်ဘုတ် အက်ပလီကေးရှင်း update ကို အခမဲ့လုပ်နိုင်ရန် အောက်ပရေတာများနှင့် ပူးပေါင်း၍ ဝန်ဆောင်မှုပေးမည်

ရန်ကုန်  ၇  အောက်တိုဘာ

ပြည်တွင်းမှာ လူဦးရေသန်းချီ၍ အသုံးပြုနေသော facebook ၏ အက်ပလီကေးရှင်း ဗားရှင်းအဟောင်းများမှ နောက်ဆုံးထွက် ဗားရှင်းအသစ်ကို အက်ပလီကေးရှင်း update ပြုလုပ်ခြင်းကို အင်တာနက်ဒေတာအတွက် ကုန်ကျစရိတ်မရှိဘဲ အခမဲ့တစ်ကြိမ်ပြုလုပ်နိုင်ရန် ဖေ့စ်ဘုတ်နှင့် အော်ပရေတာများ ပူးပေါင်း၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“မြန်မာနိုင်ငံက ဖေ့စ်ဘုတ်အသုံးပြုတဲ့ လူမှုအသိုင်းအဝိုင်းအတွက် ဘေးကင်းလုံခြုံမှုရှိစွာနဲ့ ကောင်းမွန်းစွာ အသုံးပြုနိုင်ဖို့ဆိုတာ ကျွန်မတို့ရဲ့ အရေးကြီးတဲ့ ဦးစားပေးကိစ္စပါ။ ဒါ့ကြောင့် မြန်မာနိုင်ငံက မိုဘိုင်းဆက်သွယ်ရေး အော်ပရေတာလေးခုနဲ့ လက်တွဲပြီး ဒေသခံပြည်သူ သန်းပေါင်းများစွာအတွက် သူတို့လက်ရှိသုံးနေတဲ့ ဖေ့စ်ဘုတ်ဘက်ပလီကေးရှင်းအဟောင်းကနေ နောက်ဆုံးထွက်ရှိထားတဲ့ ဗားရှင်းအသစ်ကို ငွေကြေး အကုန်အကျမရှိဘဲ ရယူအဆင့်မြှင့်တင်နိုင်အောင် စီစဉ်ခဲ့တာပါ” ဟု ဖေ့စ်ဘုတ်၏ APAC Head of Connectivity and Access Policy ဖြစ်သူ Tenzin Norbhu က ပြောသည်။

မြန်မာနိုင်ငံတွင် မိုဘိုင်းအင်တာနက်နှင့် မိုဘိုင်းအက်ပလီကေးရှင်းများကို အသုံးပြုမှုများလာသည့်အမျှ အက်ပလီကေးရှင်းများကို အဆင့်မြှင့်တင်ခြင်းသည် ဘေးကင်းလုံခြုံမှုရှိစွာ သုံးစွဲနိုင်ရန် အရေးကြီးသည့် အချက်အလက် တစ်ခုဖြစ်သော်လည်း အသုံးပြုသူများအတွက် ငွေကြေးကုန်ကျမှု ရှိနိုင်သဖြင့် မြန်မာနိုင်ငံမှ ဖေ့စ်ဘုတ်အက်ပလီကေးရှင်းကို အသုံးပြုနေသူများအတွက် နောက်ဆုံးထွက်ဗားရှင်းအသစ်ကို အခမဲ့ရယူ အဆင့်မြှင့်တင်နိုင်ရန် ယခုလို အော်ပရေတာများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ ဖေ့စ်ဘုတ်နှင့် Messenger အက်ပလီကေးရှင်းများကို အသုံးပြုနေသူများအနေဖြင့် ဗားရှင်းအဟောင်းဖြစ်နေပါက ဗားရှင်းမြှင့်ရန် အင်တာနက်ဒေတာ အကုန်အကျမရှိဘဲ download ဆွဲနိုင်မည့် link ကို ဖေ့စ်ဘုတ်က ပေးပို့သွားမည်ဟု သိရသည်။

ကျော်ဇင်ဦး