ဖျော်ဖြေပွဲမှာ ကလေးတွေနဲ့အတူ ခင်ပွန်းဖြစ်သူကို ဂုဏ်ပြုခဲ့တဲ့ စလင်းဒီယွန်း

၁၁  ဇွန်

 

ကျော်ကြားတဲ့ တေးသံရှင်တစ်ဦးဖြစ်သူ စလင်းဒီယွန်ဟာ လတ်တလောမှာ ပြုလုပ်ခဲ့တဲ့ သူ့ရဲ့ တေးဂီတဖျော်ဖြေပွဲမှာတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ ခင်ပွန်းဖြစ်သူကို အမှတ်တရဂုဏ်ပြုပေးခဲ့ပြီး ဒီပွဲမှာတော့ သူတို့ရဲ့ ရင်သွေးလေးသုံးဦးလည်း စင်မြင့်ထက်ကို တက်ရောက်ကာ ဖခင်ကို ဂုဏ်ပြုခဲ့ကြောင်း အီးအွန်လိုင်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

 

လက်ရှိမှာ အသက် ၅၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အော်စကာဆုရှင် တေးသံရှင် စလင်းဒီယွန်ဟာ ဇွန် ၈ ရက်က လာ့စ်ဗီးဂတ်စ်မှာ တေးဂီတဖျော်ဖြေပွဲပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ ၁၁၄၁ ခုမြောက် ဖျော်ဖြေပွဲဖြစ်တဲ့ အဆိုပါပွဲမှာ ခင်ပွန်းဖြစ်သူ ရေးအန်ဂျလီနဲ့ပတ်သက်တဲ့ သူ့ရဲ့အမှတ်တရတွေကို ပြသခဲ့ပြီး ခင်ပွန်းဖြစ်သူကို ဂုဏ်ပြုခဲ့ပါတယ်။ ဒီလို ဂုဏ်ပြုချိန်မှာတော့ စင်မြင့်ထက်မှာ စလင်းဒီယွန်နဲ့အတူ သားသုံးဦးလည်း ရှိနေတာဖြစ်တယ်လို့ သိရပါတယ်။

 

စလင်းဒီယွန်ရဲ့ မန်နေဂျာလည်းဖြစ်တဲ့ အန်ဂျလီဟာ ၂၀၁၆ ခုနှစ်အတွင်း ကွယ်လွန်ခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာတော့ အသက် ၇၃ နှစ်အရွယ်ရှိပြီဖြစ်တယ်လို့လည်း သိရပါတယ်။

 

အေးပြည့်