ဖောင်းပြင်မြို့နယ်၌ တစ်ရက်အတွင်း မူးယစ်ဆေးဝါးများအား ဆိုင်ကယ်ဖြင့်သယ်ဆောင်လာသူ လေးဦးအား ဖမ်းဆီးရမိ

ဖောင်းပြင်     ၃    ဇွန်     

            
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ် နောင်မနားကျေးရွာအုပ်စုနှင့် ဟုမ္မလင်းမြို့နယ် ကိုးတောင်ကျေးရွာ သွားလမ်းမကြီးပေါ်တွင် မူးယစ်ဆေးဝါးများ သယ်ဆောင်သွားလာနေကြောင်း သတင်းရရှိသဖြင့် ဖောင်းပြင်မြို့နယ် လွင်ကြီးရဲကင်းမှူး ဒုရဲအုပ် မင်းနိုင်ဦး ဦးဆောင်သည့် ရဲတပ်ဖွဲ့ ဝင်များ၊ ဖောင်းပြင်မြို့နယ် မူးယစ်ဆေးဝါး ဆန့်ကျင်တိုက်ဖျက်ရေးအဖွဲ့၊ အဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်း အဖွဲ့သည် ဇွန် ၂ ရက် မွန်းတည့် ၁၂ နာရီက အဆိုပါ လမ်းမကြီးပေါ်တွင် ရှောင်တခင် သွားရောက် စစ်ဆေးရာ တစ်ရက်အတွင်း မူးယစ်ဆေးဝါးများအား ဆိုင်ကယ်ဖြင့် သယ်ဆောင်လာသူ လေးဦးတို့အား ယင်းလမ်းမကြီးပေါ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


    
အဆိုပါ တစ်ရက်အတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှုတွင် ဇွန် ၂ ရက် မွန်းတည့် ၁၂ နာရီတွင် ဖောင်းပြင်မြို့နယ် နောင်မနားကျေးရွာနှင့် ကိုးတောင်ကျေးရွာသွား လမ်းမပေါ်တွင် ရှောင်တခင် စစ်ဆေး နေစဉ် ကိုးတောင်ရွာမှ နောင်မနားကျေးရွာဘက်သို့ အင်ကုန်းကျေးရွာနေ ကျော်ဆန်းဝင်း မောင်းနှင်ပြီး လှဝင်း လိုက်ပါလာသော ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ၎င်းတို့ထံမှ ဘိန်းဖြူမှုန့်(၂၀ ဒသမ ၃)ဂရမ်၊ WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၃၈၀) နှင့် မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအားလည်းကောင်း၊ မွန်းလွဲ ၂ နာရီတွင် ဘုရားတစ်ဆူကျေးရွာနေ မောင်မြင့် မောင်းနှင်လာသော ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရာ ၎င်းလွယ်ထားသည့်လွယ်အိတ်အတွင်းမှ ဘိန်းဖြူမှုန့် (ဝ ဒသမ၄) ဂရမ်နှင့် ဆက်စပ်ပစ္စည်း များကို လည်းကောင်း၊ ညနေပိုင်းအချိန်တွင် အနောက်မြင်သာကျေးရွာနေ ဉာဏ်လင်းအောင် မောင်းနှင်လာသော ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်ရှေ့ခွကြားတွင် ညှပ်ထားသည့် အနက်ရောင်အိတ်အတွင်းမှ ဘိန်းဖြူဟုယူဆရသော ဖြူဝါရောင်အမှုန့် (၁၆၀)ဂရမ်နှင့် WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၁၂၀)တို့ကို ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား  ဖောင်းပြင်မြို့မရဲစခန်းမှ ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

(၁၄၂)