ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးစာစောင်များအကြောင်း သိကောင်းစရာ(၂)

ဦးခင်ဇော်
တရားလွှတ်တော်ရှေ့နေ(ပဲခူး)

 

ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၁၆ (ည) တွင် “အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး သင်ခန်းစာများကို အခြေခံပညာမူလတန်းအဆင့်မှ စတင်သင်ကြားနိုင်ရေးအတွက် သက်ဆိုင်ရာဌာန အဖွဲ့ အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း”ဟု ပြဋ္ဌာန်းပါရှိတဲ့ အတိုင်း အခြေခံမူလတန်းအဆင့်မှ စတင်သင်ကြားရေး အတွက် ပညာရေးဝန်ကြီးဌာနနဲ့ပူးပေါင်းပြီး ၂၀၁၈ ခုနှစ်တွင် မူလတန်းအဆင့်(ဆရာကိုင်) စာအုပ် ၄၀၀၀၀၊ ၂၀၁၉ ခုနှစ်တွင် အခြေခံပညာအလယ်တန်းအဆင့် (ဆရာကိုင်) စာအုပ် ၄၀၀၀၀ ထုတ်ဝေပြီး ပညာရေး ဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်ပါတယ်။


ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး
ပညာပေးအစီအစဉ် (အခြေခံပညာအလယ်တန်းအဆင့်)

ယခုရေးသားတင်ပြလိုတဲ့ စာအုပ်ကတော့ အခြေခံ ပညာအလယ်တန်းအဆင့် ပညာပေးစာစောင်အကြောင်း သိကောင်းစရာဖြစ်ပါတယ်။ အခြေခံပညာအလယ်တန်း အဆင့်တွင် ထုတ်ဝေခဲ့တဲ့ ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေး ပညာပေးအစီအစဉ်(ဆရာကိုင်) စာအုပ်မှာ ဆဋ္ဌမတန်း (G-6) အတွက် အခြေခံ(အတွေးအခေါ်)၊ ကျောင်းပညာရေးတွင် ဖြောင့်မတ်တည်ကြည်မှု၊ ကျောင်းတွင်း တာဝန်ထမ်းဆောင်ခြင်းများ၌ ခွဲခြား ဖော်ပြထားပါတယ်။


သတ္တမတန်း (G-7) အတွက် လူမှုတန်ဖိုးများကို တည်ဆောက်ခြင်းနှင့် အသုံးချခြင်း၊ မိမိကိုယ်တိုင်နှင့် အခြားသူ၊ လူ့အဖွဲ့အစည်းအား တာဝန်ယူမှုရှိခြင်း၊ နိုင်ငံသားဖြစ်ခြင်းနှင့် နိုင်ငံသားကောင်းတို့၏ တာဝန် ဝတ္တရားများဟူ၍ အခန်း သုံးခန်း ခွဲခြားပြုစု ပြဋ္ဌာန်း ထားပါတယ်။


အဋ္ဌမတန်း (G-8) အတွက် စည်းမျဉ်းစည်းကမ်း၊ သဘောတူညီချက်၊ ဥပဒေလုံလောက်ခြင်းဟူ၍ အခန်း နှစ်ခန်း ခွဲခြားပါရှိပါတယ်။


နဝမတန်း (G-9) တွင် အသိဉာဏ်နိုးကြားခြင်း၊ အဂတိလိုက်စားခြင်း၊ ကိုယ်ကျိုးအတွက် အသုံးချခြင်း ဆိုပြီး အခန်း သုံးခန်းခွဲ၍ ပြုစုရေးသားထားကြောင်း တွေ့ရှိရပါတယ်။


ကိုယ်ကျိုးနှင့် အများအကျိုး ခွဲခြားတွေးတောခြင်း

ကိုယ်ကျိုးနှင့် အများအကျိုး ခွဲခြားတွေးတောခြင်း (အခြေခံအတွေးအခေါ် ၁၊ ၂) မှာ ကျောင်းစာကြည့်တိုက် တွင် အချက်အလက်တွေ ရှာဖွေရာမှာ စာအုပ်ငှားဖို့ ပျင်းလို့ လိုချင်တဲ့စာရွက်ကို ဆုတ်ဖြဲယူလာတဲ့ အပြုအမူ၊ ဈေးသည်တွေ ပလက်ဖောင်းပေါ်မှာ ဈေးရောင်းတဲ့ကိစ္စ၊ စာစီစာကုံးကို ကိုယ်တိုင်မရေးဘဲ အခြားသူရေးသားပေးတာကို မိမိရေးသားတဲ့ စာစီစာကုံး အဖြစ် အသုံးချနေတဲ့ကိစ္စ၊ ကျွန်ုပ်တို့အတွက် အကျိုး ရှိမယ်ဆိုရင် အဂတိလိုက်စားလည်း ကိစ္စမရှိပါဘူး ဆိုတဲ့စကား၊ ဘေးမဲ့တောတွေမှာ resort တွေ တည်ဆောက်တာ၊ အများပြည်သူပိုင်မြေနေရာမှာ စိုက်ပျိုးရေးလုပ်တာ၊ ကိုယ်ရေးကိုယ်တာကိစ္စတွေမှာ နိုင်ငံပိုင်ကား၊ နိုင်ငံပိုင်ဖုန်း အသုံးပြုတာ၊ နိုင်ငံပိုင် ပရိဘောဂတွေ မိမိအိမ်သို့ ယူဆောင်တာတွေ ပြုလုပ် တာဟာ ကိုယ်ကျိုး၊ အများအကျိုး၊ ပြုမူသင့်၊ မပြုမူသင့် ကို ကျောင်းသားတစ်ဦးချင်း ဖြည့်သွင်း၊ ဆရာက စိစစ်၊ အဖြေမှန်ရှင်းပြ၊ အသိပညာပေးစာစောင် ဖြန့်ဝေဖတ်ရှု စေပြီး ထပ်ဆင့်ရှင်းပြ၊ မိမိအကျိုးထက် အများအကျိုးကို ပိုမိုစဉ်းစား၊ အလေးထားတတ်ဖို့၊ အများအကျိုး ထိခိုက်အောင် မပြုမူဖို့ ရှင်းပြဖို့အတွက် ရုပ်ပုံကားချပ် မှတ်တမ်းလွှာတွေနဲ့ အဖွဲ့လေးတွေဖွဲ့ပြီး တင်ပြဆွေးနွေး စေဖို့ ပြည့်ပြည့်စုံစုံ ရည်ညွှန်းရေးသားထားတာ တွေ့ရ ပါတယ်။


မရိုးမဖြောင့်သော လုပ်ဆောင်မှု

ကျောင်းစာသင်ယူမှုတွင် မရိုးမဖြောင့်သော လုပ်ဆောင်မှုသာဓကအချို့ကို ရုပ်ပုံတွေနဲ့ ဖော်ပြ ထားပါတယ်။ သာဓက (၁)အနေနဲ့ အိမ်စာတွေ မလုပ်တတ်တဲ့ကျောင်းသူလေးကို ဘေးကသူငယ်ချင်း က ရော့ ဒီမှာ ငါလုပ်ထားတဲ့အိမ်စာတွေ ကူးချလိုက်ဆိုပြီး ပေးတဲ့ပုံပါ၊ အောက်မှာတော့ အိမ်စာကူးချတာဟာ မမှန်ကန်သော၊ မရိုးမဖြောင့်သော အပြုအမူဖြစ်ကြောင်း၊ စာရိတ္တပျက်ပြားပြီး အဂတိလိုက်စားတဲ့ အပြုအမူထဲ ပါဝင်ကြောင်း ဖော်ပြထားပါတယ်။ ကျောင်းသား ကျောင်းသူ လေးတွေ အခက်အခဲတစ်ခုကို ပေါ့ပေါ့တန်တန်ထား လွယ်လွယ်နဲ့ဖြေရှင်းတာဟာ တကယ်တမ်း တွေးတော စဉ်းစားကြည့်ရင် မမှန်မကန် မရိုးဖြောင့်တဲ့ အပြုအမူဖြစ်နေ ကြောင်း သိရှိတွေးတောဆင်ခြင်ရင် ကြီးလာတဲ့အထိ အကျင့်ဆိုးမပါနိုင်တာကိုလည်း ဆင်ခြင်နိုင်ပါတယ်။


စာစီစာကုံးရေးပေးခြင်း
နောက် သာဓက (၂) က ဒီနေ့အိမ်စာကတော့ “ကျောင်းတွင်း လှုပ်ရှားမှုများ” ခေါင်းစဉ်နဲ့ စာစီစာကုံး ရေးခဲ့ကြပါ တပည့်တို့ဆိုပြီး ဆရာကြီးက အတန်းထဲမှာ ပြောကြားနေပုံပါ။ ဘယ်လိုရေးရမလဲ။ ခက်လိုက်တာနော်လို့ ကျောင်းသားတွေကတွေး၊ နောက် အိုး အကြံရပြီဆိုပြီး ရော့ မင်းအတွက် စာစီစာကုံးရေးထားတယ်လို့ အစ်မကြီး တစ်ယောက်က စာရွက်ပေးနေပုံ၊ ကျောင်းသားက ကျေးဇူး တင်ပါတယ်ခင်ဗျလို့ ပြောနေတဲ့ပုံတွေပါ။ အခြားသူတွေ အတွက် တရားမျှတမှုမရှိသော အပြုအမူ၊ ကိုယ်ပိုင်အသိ ကိုယ်ပိုင်စွမ်းရည်ကို အသုံးမချဘဲ ကိုယ်ကျိုးရှာတဲ့ ပုံစံ ဖြစ်ပါတယ်။ စာရေးသူ ရန်ကုန်မြို့က ကျောင်းတစ်ကျောင်း မှာ မိဘဆရာအသင်းဥက္ကဋ္ဌအဖြစ် ဆောင်ရွက်စဉ်က အလယ်တန်းကျောင်းသူလေး တစ်ယောက်က အတန်းတိုင်း မှာ စာစီစာကုံးပြိုင်ပွဲလုပ်တိုင်း အမြဲပထမရပါတယ်။ ကျောင်းပေါင်းစုံ ပြုလုပ်တဲ့ လွတ်လပ်ရေးပြိုင်ပွဲ၊ မူးယစ် ဆေးဝါးတိုက်ဖျက်ရေးနေ့၊ လူကုန်ကူး၊ လမ်းစည်းကမ်း လိုက်နာခြင်းစတဲ့ ခေါင်းစဉ်တွေနဲ့ ပြိုင်တဲ့ပြိုင်ပွဲတွေမှာ လည်း အမြဲတမ်း ပထမဆုတွေ ရပါတယ်။ တစ်နှစ်တစ်နှစ် ဆုပေးပွဲမှာ စာစီစာကုံးနဲ့ပတ်သက်ပြီး သူတစ်ယောက် တည်း ဆုတွေရတာ မနည်းပါဘူး၊ မိခင်ကလည်း သူ့သမီး စာစီစာကုံးပြိုင်ပွဲရှိရင် သူ့ခင်ပွန်းဖြစ်သူက တစ်ညလုံး ဘယ်လိုရှာဖွေရေးသားပေးတာလို့ တခြားမိဘတွေရှေ့မှာ အမြဲဂုဏ်ယူပြောလေ့ရှိပါတယ်။ ဒီလို မိခင်တွေရဲ့ လွဲမှားတဲ့ စိတ်တွေကြောင့် ကလေးတွေရဲ့ ဖြူစင်ရိုးသားတဲ့ စိတ်တွေ၊ နှလုံးသားတွေ၊ အဖြူရောင်ပန်းလေးတွေအတွက် အရောင် ဆိုးခံခဲ့ရတာပေါ့။ အခုလို ဖြောင့်မတ်တည်ကြည်မှု မြှင့်တင် ရေး ပညာပေးစာအုပ်တွေသာ အဲဒီခေတ်ကတည်းက ကျောင်းစာသင်ခန်းထဲကို ရောက်လာရင် အဲဒီအချိန်ကရှိတဲ့ X မျိုးဆက်တွေအတွက် နိုင်ငံတော်အနေနဲ့ ပူပင်စရာမလိုဘူး လို့လည်း တွေးမိပါတယ်။


ခိုးယူကူးချခြင်း
နောက်တစ်ခုက ခိုးယူကူးချတဲ့ခေါင်းစဉ်မှာ အခြား သူတွေ လုပ်ကိုင်ဆောင်ရွက်ထားတာတွေကို ကူးချ၊ မိမိ ကိုယ်တိုင် လုပ်ကိုင်သယောင်တင်ပြတဲ့ကိစ္စ၊ အင်တာနက်က ကူးယူ စာလုံးနဲ့စာကြောင်းတွေ၊ အထားအသိုတွေ ပြန်လည် ပြင်ဆင်တဲ့ကိစ္စ၊ မူလရေးသူကို ရည်ညွှန်းမဖော်ပြဘဲ မူလရေးသူရဲ့ အချက်အလက်ကို ခိုးယူအသုံးပြုတဲ့ကိစ္စ၊ အိမ်စာလုပ်တာ၊ စာစီစာကုံး၊ စာတမ်းပြုစုတာ စတဲ့ အလုပ် တွေကို ဆောင်ရွက်ပေးဖို့ အခြားသူကို အခကြေးငွေပေးပြီး ဆောင်ရွက်စေတဲ့ကိစ္စတွေကို ပုံတွေ၊ စာတွေနဲ့ ဖော်ပြ ထားတာပါ။ လေ့လာမှီငြမ်းပြုစာရင်း၊ ကျမ်းကိုးစာရင်း စတဲ့ မူလစာရေးသားသူကို အမြဲရည်ညွှန်းဖော်ပြခြင်းဖြင့် ထိုသူရေးသားပြုစုခဲ့မှုတွေကို လေးစားကြောင်း ဖော်ပြရာ ရောက်ပါတယ်ဟူ၍ ပညာပေးရုပ်ပုံတွေနဲ့ ဖော်ပြထားပါ တယ်။


အလယ်တန်းအဆင့်ကစပြီး ဒီအတွေးအခေါ်တွေ၊ ဒီယဉ်ကျေးမှုတွေ ထွန်းကားသွားရင် ခုခေတ် စာပေမူပိုင်ခွင့် ကြောင့် အမှုတွေဖြစ်၊ တရားစွဲဆိုခံရ၊ နိုင်ငံပိုင်သတင်းစာ တွေကနေ လူသိရှင်ကြား ပြန်တောင်းပန်ရတဲ့ အလွန် ရှက်စရာကောင်းတဲ့ အပြုအမူတွေအထိ မဖြစ်ကြတော့ ပါဘူး။ ဥပဒေကို လေးစားလိုက်နာတဲ့ နိုင်ငံသားအကျင့်တွေ အလယ်တန်းအဆင့်ကစပြီး ကြီးတဲ့အထိ ပါသွားကြပြီပေါ့။


စာတမ်းရေးခိုင်းခြင်း
ခုခေတ် မာစတာဘွဲ့တွေ၊ ဒေါက်တာဘွဲ့တွေ ကိုယ့်တိုင်းပြည်ထဲမှာ ပေးလို့ရနေပါပြီ။ ဝမ်းသာစရာပါ။ ဒါပေမဲ့ ရေးသားတဲ့သုတေသနစာတမ်းတွေက ကိုယ်တိုင် မရေးနိုင်ကြလို့ တခြားသူတွေကို အခကြေးငွေနဲ့ရေးခိုင်းပြီး စာတမ်းတွေ တင်ကြတာ တချို့ (တချို့) ကြားနေရပါတယ်။ ရေးခိုင်းတဲ့သူရော၊ ရေးပေးတဲ့သူရော ဒါတွေဟာ အကျင့်ပျက် ချစားမှုတစ်ခုဖြစ်တယ်ဆိုတာ သတိပြုမိကြမှာ မဟုတ် ပါဘူး။ အားလုံး ဒီလိုပဲ ရေးနေကြတာ။ ရေးပေးတဲ့သူ ကလည်း ဒါ ငါတတ်တဲ့ပညာနဲ့ ရေးတာပဲ၊ ပညာနဲ့ ရတဲ့ငွေ၊ သန့်ရှင်းတယ်လို့ တွေးကောင်းတွေးမိမှာပဲ။ ကိုယ်ရေး ပေးလိုက်တဲ့ စာတမ်းနဲ့ တကယ်ပင်ကိုအရည်အချင်းမရှိဘဲ မာစတာဘွဲ့ ရသွားတာ၊ ဒေါက်တာဘွဲ့ ရသွားတာတွေဟာ တစ်ချိန်ကျရင် တိုင်းပြည်အတွက် ဘယ်လောက်ထိခိုက် နစ်နာမလဲလို့ တွေးမိကြဟန် မတူပါဘူး။ အများမိုးခါးရေ သောက်နေကြတာလို့ပဲ တွေးမိကြတာများပါတယ်။ အခုလို ပညာပေးစာစောင်တွေ ပေါ်လာတာတွေဟာ မိမိတို့ရဲ့ လုပ်ရပ်အပေါ် တွေးတောဆင်ခြင်ကြဖို့ မီးရှူးတိုင်တစ်ခုပါပဲ။ အလင်းရပါလျက် အမှောင်ထဲမှာ မနေသင့်ကြတော့ပါဘူး။


အသိပညာပေးစာစောင် သုံးစောင်

အသိပညာပေးစာစောင် သုံးစောင် ပါရှိပါတယ်။ အသိပညာပေးစာစောင်(၁)က တာဝန်ယူတတ်တဲ့ အကျင့်ရှိစေဖို့ ပုံပြင်ဖြစ်ပြီး အလုပ်တွက်ကတ်တဲ့ ယုန်ကလေးရဲ့ ပုံပြင်ဖြစ်ပါတယ်။ ပုံပြင်လေးက ရယူမယ့် သင်ခန်းစာအဖြစ် အလုပ်လုပ်ကြရာမှာ လုပ်ငန်းတာဝန် ခွဲဝေ၍ လုပ်ကိုင်တာဟာ ကောင်းမွန်သော လုပ်ရပ်ပင် ဖြစ်ကြောင်း၊ အခြားသူတွေကို တွက်ကတ်ခြင်းဖြင့် လုပ်ငန်းကြီး တစ်ခုလုံးကို ခက်ခဲနှောင့်နှေးပျက်စီးအောင် မပြုလုပ်သင့်ကြောင်း၊ အလုပ်တွက်ကတ်တာဟာ စိတ်သဘောထား သေးသိမ်ရာရောက်ကြောင်း၊ အလုပ် လုပ်ခြင်းအားဖြင့် ရရှိနိုင်သော အတွေ့အကြုံ၊ အသိအမြင်၊ ဗဟုသုတတိုးတက်မယ့် အခွင့်အရေးရှိကြောင်းကို ပညာပေးရေးသားထားတာ ဖတ်ရှုရပါတယ်။


အသိပညာပေးစာစောင်(၂)က တာဝန်ယူခြင်းဆိုသည် မှာ အဘယ်နည်း ခေါင်းစဉ်ဖြင့် ဖော်ပြထားပါတယ်။ တာဝန်ယူခြင်းဆိုတာ ပေးအပ်တဲ့တာဝန်ကို မေ့လျော့ လျစ်လျူရှုခြင်းမရှိဘဲ ကျေပွန်အောင် ထမ်းဆောင်ခြင်း ဖြစ်ပါတယ်။ မိမိကိုယ်တိုင် တာဝန်ယူရသလို အဖွဲ့အစည်း နဲ့ အခြားသူတွေအပေါ်လည်း တာဝန်ရှိပါတယ်။ ယေဘုယျအားဖြင့် အပိုင်း ငါးပိုင်း ခွဲခြားထားပြီး (၁) မိသားစုနှင့် မိမိကိုယ်ကိုယ် တာဝန်ယူမှုရှိခြင်း၊ (၂) သူငယ်ချင်းများနှင့်စပ်လျဉ်း၍ တာဝန်ယူမှုရှိခြင်း၊ (၃) စာသင်ကျောင်းတွင် တာဝန်ယူမှုရှိခြင်း၊ (၄) အဖွဲ့ အစည်းအား တာဝန်ယူမှုရှိခြင်း၊ (၅) နိုင်ငံတော်ကို တာဝန်ယူမှုရှိခြင်းတို့ ဖြစ်ပါတယ်။ နိုင်ငံတော်ကို တာဝန်ယူမှုရှိခြင်းဆိုတာ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းကို လိုက်နာပြီး နိုင်ငံသားတို့၏အကျိုး၊ အများအကျိုးကို လက်တွဲဆောင်ရွက်တာတွေ ဖြစ်ပါတယ်။ အခုဆို ကိုဗစ်-၁၉ ကာလမှာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေကို တိတိကျကျ လိုက်နာတာဟာ မိမိကိုယ်ကိုယ် တာဝန်ယူမှုရှိခြင်းနဲ့ လူ့အဖွဲ့အစည်းအပေါ်၊ အခြားသူတွေအပေါ် တာဝန်ယူမှု ရှိခြင်းပါပဲ။ ခရီးသွားရာဇဝင်ကို မှန်မှန်မပြောတာ၊ ကိုယ့်ရဲ့ဖြစ်စဉ်ကို မှန်မှန်မပြောတဲ့အတွက် ထိတွေ့ ခဲ့ကြရတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေ၊ ကျန်းမာရေး ဝန်ထမ်းတွေ၊ ရုံးဝန်ထမ်းတွေပါ Quarantine ဝင်ကြရပြီး နိုင်ငံရဲ့လုပ်အား ဆုံးရှုံးမှုဖြစ်စေတာတွေဟာ ကောင်းမွန် တဲ့တာဝန်ယူခြင်းဆိုတဲ့ အပြုအမူတွေကို လေးစား လိုက်နာရမယ်ဆိုတဲ့ ပြည်သူ့နီတိတွေနဲ့ ဝေးလာကြတဲ့ ဖြစ်စဉ်တွေ၊ သမိုင်းတွေကြောင့် ဖြစ်တာလားလို့ တွေးမိ ပါတယ်။
အသိပညာပေးစာစောင် (၃)မှာကတော့ နိုင်ငံနဲ့ လူ့အဖွဲ့အစည်းက လူငယ်တွေရဲ့ တာဝန်နဲ့ဝတ္တရားတွေ ဖြစ်ပါတယ်။ ကောင်းမွန်တဲ့လူငယ်၊ လူတော်လူကောင်း တွေဖြစ်ကြဖို့ အများအကျိုးအတွက် ကိုယ်ကျိုးစွန့်တာ၊ စည်းကမ်းရှိတာနဲ့ တာဝန်ယူမှုရှိတာ၊ ရိုးသား ဖြောင့်မတ်မှုရှိတာ၊ အများအကျိုးအတွက် သင့်သင့် မြတ်မြတ် အတူတကွ လက်တွဲဆောင်ရွက်တာ၊ ဟီရိဩတ္တပ္ပဆိုတဲ့ မကောင်းမှုပြုလုပ်ရမှာကို ရှက်ရွံ့ ကြောက်လန့်တာ စတာတွေကို အဓိပ္ပာယ်ရှင်းလင်းချက် တွေနဲ့ ဖွဲ့ဆိုရေးသားထားတာပါ။ အများအကျိုးအတွက် ကိုယ်ကျိုးစွန့်တဲ့စိတ်၊ ဟီရိဩတ္တပ္ပဆိုတဲ့ မကောင်းမှုကို ပြုလုပ်ရမှာ ရှက်ရွံ့ကြောက်လန့်တဲ့စိတ်တွေ အခုလို ဆဋ္ဌမတန်းကစပြီး လူငယ်တွေရဲ့ စိတ်ထဲမှာ စွဲမြဲလာကြ ရင် နောင်တစ်ခေတ် နိုင်ငံ့သားကောင်း၊ ခေါင်းဆောင် ကောင်းတွေ ဖြစ်လာကြမှာ မလွဲပါဘူး။


နိုင်ငံသားဖြစ်ခြင်းနှင့် နိုင်ငံသားကောင်းပီသခြင်း

နိုင်ငံသားဖြစ်ခွင့်ဆိုတာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူညီကြကြောင်း၊ မြန်မာနိုင်ငံတွင် နိုင်ငံသားဖြစ်ခြင်း ကို တိုင်းရင်းသားမိဘနှစ်ပါးက မွေးဖွားသူ၊ အခြေခံဥပဒေ အတည်ပြုပြဋ္ဌာန်းသည့်နေ့တွင် ဥပဒေအရ နိုင်ငံသား ဖြစ်ပြီးသူတွေကို နိုင်ငံသားအဖြစ် သတ်မှတ်ကြောင်း၊ နိုင်ငံသားဖြစ်ပြီးသူတွေဟာ နိုင်ငံသားကောင်းပီသစေဖို့ အတွက် ရှိသင့်တဲ့ ဂုဏ်အင်္ဂါ၊ အရည်အချင်းတွေကို နားလည်ဖို့ လိုအပ်ကြောင်း၊ နိုင်ငံသားကောင်းပီသစေဖို့ ပြည့်စုံရမယ့် အရည်အချင်းတွေအနက် အဓိကကျတဲ့ အရည်အချင်းတွေကတော့ (၁) အသိဉာဏ်နှင့်ပြည့်စုံခြင်း၊ (၂) အများအကျိုးအတွက် စိတ်ရောကိုယ်ပါ ဆောင်ရွက် ခြင်း၊ (၃) မိမိကိုယ်မိမိ ထိန်းသိမ်းစောင့်စည်းခြင်း (ဖြောင့်မတ်တည်ကြည်ခြင်း)၊ (၄) တရားဥပဒေကို လိုက်နာခြင်း၊ (၅) အသိဉာဏ်နှင့်ယှဉ်ပြီး ရိုးသား ဖြောင့်မတ်စွာ ဆန္ဒမဲပေးခြင်း၊ (၆) တိုင်းပြည်တိုးတက်ရေး အတွက် မိမိစွမ်းဆောင်နိုင်သည့်နေရာက ဝင်ရောက် ဆောင်ရွက်ခြင်း၊ (၇) အခွန်ငွေကို ဥပဒေနှင့်အညီ အပြေအကျေ ထမ်းဆောင်ခြင်းတို့ဖြစ်ကြောင်း ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးစာစောင်၌ နိုင်ငံသားတို့၏ တာဝန်နှင့်ဝတ္တရားများ အခန်းတွင် ဖော်ပြထားပါတယ်။

 

ဆန္ဒမဲပေးခြင်း
ဒီမိုကရေစီခေတ်တွင် နိုင်ငံသားများ၏ ဆန္ဒ သဘောထားဟာ အရေးအကြီးဆုံး အစိတ်အပိုင်း ဖြစ်ကြောင်း၊ နိုင်ငံ၏ ကောင်းကျိုး၊ ဆိုးကျိုးဟာ နိုင်ငံသား တွေရဲ့ အသိဉာဏ်ပေါ်တွင် မူတည်ကြောင်း၊ ဒီမိုကရေစီ နိုင်ငံတွေမှာ နိုင်ငံသားတစ်ဦး လုပ်ဆောင်ရမယ့် တာဝန် တွေအနက် အရိုးရှင်းဆုံးနဲ့ အခြေခံအကျဆုံးအဆင့် အနေနဲ့ လုပ်ဆောင်ရမယ့်တာဝန်တစ်ရပ်မှာ ဆန္ဒမဲ ပေးခြင်းဖြစ်ကြောင်း၊ အရွယ်ရောက်ပြီးတဲ့ နိုင်ငံသား တိုင်းမှာ လွှတ်တော်ကိုယ်စားလှယ်တွေကို ဆန္ဒမဲပေးပြီး ရွေးချယ်နိုင်တဲ့ အခွင့်အရေးရှိကြောင်း၊ ထိုဆန္ဒမဲပေး နိုင်တဲ့ အခွင့်အရေးကို ကိုယ်ပိုင်ဉာဏ်ပညာဖြင့် အကောင်းဆုံးနဲ့ တန်ဖိုးအရှိဆုံးဖြစ်အောင် အသုံးချ တတ်ဖို့ လိုအပ်ကြောင်း၊ မိမိ၏ ဆန္ဒမဲကို အကျိုးအမြတ် ယူ၍ အဂတိလိုက်စားပြီး ဆန္ဒမဲပေးတာဟာ နိုင်ငံသား တွေရဲ့ တာဝန်ကို အလွဲသုံးစားပြုတာဖြစ်ကြောင်း၊ နိုင်ငံသားတချို့ဟာ မအားလပ်၍လည်းကောင်း၊ ကြောက်ရွံ့၍လည်းကောင်း၊ အကြောင်းကြောင်းကြောင့် လည်းကောင်း ဆန္ဒမဲမပေးဘဲ ရှောင်လွှဲနေတာဟာ နိုင်ငံသားတာဝန် မကျေပွန်ခြင်းဖြစ်ကြောင်း၊ ဆန္ဒမဲပေး တာဟာ ဒီမိုကရေစီစနစ်၏ အသက်ဖြစ်ကြောင်း၊ မဲပေးဖို့ အခွင့်အရေးရတိုင်း မဲပေးခွင့်စာရင်းမှာ မိမိအမည် ပါဝင်ခြင်းရှိ၊ မရှိ ကိုယ်တိုင်သွားကြည့်ပြီး မပါဝင်က ပါဝင်အောင် လုပ်ထုံးလုပ်နည်းနဲ့အညီ ကိုယ်တိုင်ကြိုးစား ရမှာဖြစ်ကြောင်း၊ ဆန္ဒမဲပေးခြင်းကို ကောင်းစွာအသုံးချ တတ်ပါက အရည်အချင်းရှိပြီး ကောင်းမွန်တဲ့ ကိုယ်စားလှယ်တွေ ရရှိမှာဖြစ်ကြောင်း၊ အသုံးမချ တတ်ပါက ကိုယ်စားလှယ်တွေရဲ့ အရည်အသွေးညံ့ဖျင်း ခဲ့ရင် အရည်အချင်းရှိပြီး ကောင်းမွန်တဲ့ အစိုးရ၊ ကောင်းမွန်တဲ့ အုပ်ချုပ်မှုကို မရရှိနိုင်တော့ကြောင်း၊ ထို့ကြောင့် တိုင်းပြည်၊ နိုင်ငံတစ်ခု၏ တိုးတက်မှု၊ ဆုတ်ယုတ် မှုဟာ နိုင်ငံသား ပြည်သူလူထု၏ မဲပေးပုံ မဲပေးနည်းအပေါ် မူတည်ကြောင်း စတဲ့နိုင်ငံသားတို့၏ တာဝန်နဲ့ ဝတ္တရား တွေကို အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူလူငယ်တွေ ဖတ်မိရုံဖြင့် စိတ်ထဲ လွယ်လွယ် ကူကူ သိရှိမှတ်သား၊ ခံယူလိုက်နာနိုင်စေဖို့ ရိုးရှင်းစွာ စေ့စေ့ငုငုသုံးသပ်လေ့လာပြီး စိတ်ကောင်းစေတနာအပြည့် ဖြင့် ရေးသားထားတာကို လေ့လာဖတ်ရှုရပါတယ်။


ဖတ်ရှုပါ၊ လေ့လာပါ၊

မှတ်သားဆောင်ရွက်ကြပါစို့


အထက်ဖော်ပြပါ ရေးသားဖော်ပြချက်တွေဟာ ပညာရေးဝန်ကြီးဌာနနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က ပူးပေါင်းစီစဉ်တဲ့ “ဖြောင့်မတ် တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ်” အခြေခံပညာ အလယ်တန်း (ဆရာကိုင်) စာအုပ်မှ ကောင်းနိုးရာရာတွေကို လွယ်လင့်တကူ လေ့လာဖတ်ရှု နိုင်ဖို့ ကောက်နုတ်ရွေးချယ်တင်ပြခြင်းသာ ဖြစ်ပါ တယ်။ သက်ဆိုင်ရာ ကျောင်းသားလူငယ်တွေအတွက် ဆရာ ဆရာမတွေ၊ မိဘတွေက ကိုယ်တိုင်လည်း ဖတ်ရှုပြီး ကျောင်းသားလူငယ်တွေ၊ သားသမီးတွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ကြဖို့၊ အဂတိလိုက်စားမှုကို ရှက်ရွံ့တဲ့စိတ်၊ ဆန့်ကျင်တဲ့စိတ်၊ တွန်းလှန်တိုက်ဖျက် လိုတဲ့စိတ်ရှိတဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ် လာမယ်လို့ ယုံကြည်တဲ့စိတ်နဲ့ ရေးသားဖော်ပြလိုက် ရခြင်းဖြစ်ပါတယ်။ ။