ဖြစ်ရပ်မှန် ကမ္ဘာ့မြင်ကွင်းကြားက ရယူအပ်ရာ သင်ခန်းစာများ

မြင့်မြတ်

သူများလက်နက် ကိုယ့်အသက်မက ဘဝတွေ ဖျက်နေကြသူများ


ကမ္ဘာကြီးရဲ့ နေရာတစ်နေရာရာမှာ လူတွေသေကျေပျက်စီးတာကိုကြည့်ပြီး ကျိတ်ပြီးပျော် နေတဲ့အုပ်စုတစ်ခု၊ အဖွဲ့တစ်ဖွဲ့ သို့မဟုတ် နိုင်ငံတစ်နိုင်ငံ ရှိကိုရှိနေတယ်ဆိုရင် အများစုက အံ့အားသင့်ကြပါလိမ့်မယ်။ စစ်တွေဖြစ်နေတာ မကောင်းဘူး ၊ စိတ်မကောင်း၊ ဝမ်းနည်းတဲ့သူကများပေမယ့် တကယ်လည်း စစ်ကိုမဖြစ်ဖြစ်အောင် ဖန်တီး၊ စစ်ကို အဆုံးမသတ်နိုင်အောင် လောင်စာဆက်ရှို့နေတဲ့ လူတစ်စုကတော့ အမှန်တကယ်ကို ရှိနေပါတယ်။ လက်ရှိဖြစ်နေတဲ့ ယူကရိန်း- ရုရှားပဋိပက္ခကိုပဲကြည့်ပါ။

ဒီစစ်ပွဲကို ကမ္ဘာကြီးကလည်း အဆုံးသတ်စေချင်ပါပြီ၊ ဒုက္ခပေါင်းစုံခံစားရတဲ့ ယူကရိန်း ပြည်သူတွေကတော့ ဆိုဖွယ်ရာမရှိ၊ ပြီးစေချင် လှပြီဆိုတာ မေးခွန်းထုတ်စရာမလိုပါဘူး။ စီးပွားဆုတ်ယုတ် ဘဝတွေပျက်၊ အဏုမြူခြိမ်းခြောက်မှု အန္တရာယ်နဲ့ အနာဂတ်မဲ့ ထိတ်လန့်နေကြတဲ့ စစ်ဒဏ်ခံယူကရိန်းပြည်သူတွေကို စာနာနားလည်မှု ပေးကြတဲ့သူတွေ ကမ္ဘာမှာ များစွာ များစွာရှိနေသော်လည်း...။

အမြော်အမြင်နည်းပါးသော ခေါင်းဆောင်ကြောင့်

လက်ရှိဖြစ်နေတဲ့ ရုရှား- ယူကရိန်းစစ်က အဆုံးသတ်ဖို့ မလွယ်ပါဘူး။ တရုတ်နိုင်ငံရဲ့ ဖျန်ဖြေမှုဟာလည်း အဟောသိကံ ဖြစ်ခဲ့ရပြီ။ တရုတ်နိုင်ငံရဲ့ စေ့စပ်ပေးမှုကို ယူကရိန်း ခေါင်းဆောင်တွေက လက်မခံသလို အမေရိကန်ကလည်း ပယ်ချခဲ့ပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးလိုလားတဲ့ ဘရာဇီးလ်လို နိုင်ငံအများအပြားကတော့ လက်ခံပါတယ်။ ယူကရိန်းခေါင်းဆောင်တွေဟာ အရှုံးထဲက အမြတ်ကို မထုတ်တတ်တဲ့အတွက် နစ်ပြီးရင်းနစ်မယ့် အနေအထားတွေသာ မြင်တွေ့နေရပါတယ်။

အချုပ်အခြာနဲ့နယ်မြေပိုင်နက် ယခုထက်ပိုပြီး ဆုံးရှုံးနိုင်ခြေရှိတဲ့ အနေအထားကို ယူကရိန်းခေါင်းဆောင်တွေ စစ်မဖြစ်ခင်ကတည်းက ထည့်သွင်းမစဉ်းစားခဲ့တာကတော့ တကယ့်ကို အမြော်အမြင်နည်းပါးတယ်လို့ ဆိုရပါလိမ့်မယ်။ တကယ်ကို သင်ခန်းစာယူစရာပါ။ ယူကရိန်းခေါင်းဆောင်တွေရဲ့ ရေရှည်မစဉ်းစားတတ်တဲ့ အမြော်အမြင် နည်းပါးမှုကို တွေးဆရင်း ယနေ့နိုင်ငံအကြီးအကဲတွေရဲ့ ပြည်တွင်းရေးနဲ့ ပြည်ပရေးရာတွေမှာ ဟန်ချက်ညီညီ အမြော်အမြင်ရှိရှိ တွေးခေါ်ဆောင်ရွက်သွားပုံတွေနဲ့ နှိုင်းယှဉ်သုံးသပ်မိပါတယ်။ ယူကရိန်းလို အခြေအနေကို အခုလို လက်မခံနိုင်တဲ့အတိုင်းအတာမှာ ငါတို့ပြည်သူတွေ အဆိုးဆုံးအနေအထားကြီး တစ်ခုဆီ ရောက်မသွားတာကိုက ကံကောင်းလှတယ်လို့ ဆိုရပါလိမ့်မယ်။

သူများအတ္တနဲ့ စတေးခံနိုင်ငံသားတွေရဲ့ ဘဝတွေ

ဘယ်လိုပဋိပက္ခပဲဖြစ်ဖြစ်၊ ဘယ်ပုံစံစစ်ပွဲပဲဖြစ်ဖြစ် ဖြစ်ပြီဆိုရင် ယုံကြည်မှုပြန်လည် တည်ဆောက်ရတာ အင်မတန်ခဲယဉ်းတယ်ဆိုတာ ဒီစစ်ပွဲက ပြသနေပါတယ်။ ဖြေရှင်းဖို့ မဖြစ်နိုင်ဘူးဆိုတာ ယုံကြည်မှုတည်ဆောက်ဖို့ ခက်ခဲနေလို့ပါ။ ငြိမ်းချမ်းရေးတည်ဆောက်မှုမှန်သမျှ ထိုနည်းတူပါပဲ။ တစ်ဖက်က ယုံကြည်မှု ဘယ်လိုပေးပေး တစ်ဖက်ကပေးတဲ့ ယုံကြည်မှုကို နားလည်နိုင်စွမ်းမရှိရင် ငြိမ်းချမ်းရေးရဖို့ မလွယ်ပါဘူး။ အယူမှား၊ အမြင်မှားပြီး နားလည်မှုလွဲအောင် မြှောက်ပေးပင့်ပေးတဲ့ သူကိုပဲအမှန်ထင်နေတတ်တယ်။ ကိုယ့်ကိုမြှောက်ပေး လို့မြှောက်ပေးမှန်းမသိ၊ သူများအတ္တနဲ့ ကိုယ့်နိုင်ငံသားတွေရဲ့ အသက်တွေ စတေးနေကြရတာကို မြင်ဖို့လိုပါတယ်၊၊

ယခုလတ်တလောမှာ ယူကရိန်းပြည်သူလေးသိန်းလောက် သေဆုံးခဲ့ရပါပြီ၊၊ မြို့တွေ ပျက်စီး၊ လမ်းတံတားတွေ ဖျက်ဆီးခံခဲ့ရပါပြီ၊ စားရေရိက္ခာတွေ လျော့ပါးကုန်ပြီ၊ မိမိနိုင်ငံသားတွေ သူများနိုင်ငံထဲရောက်၊ အောက်ကျနောက်ကျဘဝနဲ့ နေရတဲ့ နိုင်ငံသား ၂၅ သန်းကျော်သွားပါပြီ၊၊ ကိုယ့်ဘက်က အသာရဖို့နေနေသာသာ ကိုယ့်နိုင်ငံနယ်နိမိတ် ၂၀ ရာခိုင်နှုန်းအထိ သူများလက်ထဲပါသွားပါပြီ။ ညံ့လွန်းတဲ့ ခေါင်းဆောင်အောက်မှာ ဒါမျိုးတွေ ဖြစ်တတ်ပါတယ်။ ခေါင်းဆောင်မလိမ္မာလို့ အချုပ်အခြာအာဏာ ဆုံးရှုံးရတဲ့အထိ အခြေအနေမျိုးကို ဘယ်လိုမှ ခံစားလို့မရနိုင်ပါဘူး၊ ခံစားမှုမဲ့တဲ့ ခေါင်းဆောင်ရဲ့အောက်မှာနေရတဲ့ ယူကရိန်းပြည်သူတွေရဲ့ဘဝဟာ အလွန်ကို သနားစရာကောင်းလှပါတယ်၊၊

အတွက်အချက်မှားယွင်းတဲ့ game plan နဲ့ အထိုးကျွေးခံ ...ပွန်း
ယူကရိန်းစစ်ဟာ တကယ်တော့ ယူအက်စ်နဲ့ အနောက်အုပ်စု၊ သူတို့ရဲ့ လက်ဝေခံနိုင်ငံအချို့ရဲ့ အတွက်အချက် မှားယွင်းတဲ့ game plan တစ်ခုပါပဲ၊၊ ရလဒ်အနေနဲ့က ယူကရိန်းနိုင်ငံနဲ့ ယူကရိန်းပြည်သူတွေဟာ အမေရိကန်နဲ့ ရုရှားနိုင်ငံကြား ပဋိပက္ခရဲ့ သားကောင်တွေဖြစ်နေရပါပြီ။ နှစ်နိုင်ငံကြား proxy စစ်ပွဲမှာ အမေရိကန်ထိုးကျွေးတဲ့ ပွန်းကို ယနေ့ ယူကရိန်းပြည်သူတွေ ခံစားနေရတယ်လို့ ပြောသွားသူက ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲဝင်မယ့် ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ရောဘတ်ဖရန့်စစ် ကနေဒီ ဂျူနီယာ (၃၅ ဦးမြောက် အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီရဲ့ တူအရင်းဖြစ်သူက သူ့ရဲ့မဲဆန္ဒရှင် တွေကို ရှင်းလင်းတဲ့ပြောစကား) ဖြစ်ပါတယ်။

အလွန်သင်ခန်းစာယူသင့်တဲ့ ထိုမှတ်ချက်ကို Nation TV က ဖော်ပြခဲ့ခြင်း ဖြစ်ပါတယ်။ ဒီလို စဉ်းစားမိတယ်ဆိုရင်တောင် စဉ်းစားမိတဲ့အချိန် နောက်မကျပါဘူး။ ယူကရိန်းနိုင်ငံရော ပြည်သူကိုပါ ကယ်တင်လို့ ရပါသေးတယ်။ ကယ်တင်ဖို့ စစ်ကို ဆက်တိုက်ချင်နေတာ စစ်ကိုမရပ်ချင်တာ ဘယ်သူလဲ၊ ဒီအချိန်မှာ ရှင်းရှင်းလင်းလင်း သိဖို့ လိုလာပါပြီ။ ကမ္ဘာတစ်ဝန်းက ပြည်သူတွေက စစ်ကိုရပ်ချင်နေကြပါပြီ၊ ယူကရိန်းပြည်သူတွေကတော့ အဆိုးဆုံးပေါ့။ 

စစ်ရဲ့အနိဋ္ဌာရုံတွေကို မမြင်ချင်အဆုံး၊ မကြားချင် အဆုံးဟာ ယူကရိန်းပြည်သူတွေကလွဲပြီး ဘယ်သူမှ မရှိနိုင်ပါဘူး။ ထိုနည်းတူ အနောက်ဥရောပ ပြည်သူအများစုကလည်း စစ်ကိုဆန့်ကျင်ကုန်ပါပြီ၊၊ တရုတ်နိုင်ငံက အဆိုပြုတဲ့ ငြိမ်းချမ်းရေးအဆိုပြုချက်ကိုလည်း ယူကရိန်းနဲ့ အမေရိကန်ဘက်က သဘောမတူဘူး.. .ဆိုတော့၊ ရုရှားနိုင်ငံနဲ့ပြည်သူတွေကတော့ အစကတည်းက မတိုက်ချင်တဲ့စစ်ကို သူတို့ အမျိုးသားလုံခြုံရေးအတွက် တိုက်ခဲ့ကြရတယ်။ ရုရှားဘက်ကတော့ သူ့ဘက်က ဖြစ်နိုင်တဲ့ တောင်းဆိုချက်တွေနဲ့ စစ်ကိုရပ်မယ်ဆိုရပ်လို့ရပြီ၊၊ သူ့ဘက်က တောင်းဆိုချက်ဟာ သူ့နိုင်ငံလုံခြုံရေးအတွက် ဖြစ်သင့်တဲ့ တောင်းဆိုချက်တွေပါပဲ။ အနောက်မျှော် ယူကရိန်းဘက်ကတော့ ဘယ်လိုမှ မဖြစ်နိုင်တော့တဲ့ တောင်းဆိုချက်တွေနဲ့ နယ်ချဲ့တို့ မြှောက်ပေးတဲ့အတိုင်း စစ်ဘောင်ကို ချဲ့ချင်နေတုန်းပါ။ စစ်မဖြစ်ခင်ကလည်း မစဉ်းစားခဲ့တဲ့ ခေါင်းဆောင်တွေ၊ စစ်ပြီးဆုံးဖို့လည်း လမ်းစမရှာ တတ်တဲ့ ခေါင်းဆောင်တွေအနေနဲ့ ဆင်းရဲဒုက္ခတွင်း နက်နေတဲ့ ပြည်သူတွေရဲ့ဘဝတွေကို စာနာနားလည်ဖို့သင့်ပါပြီ။ မြှောက်ပေးသူနယ်ချဲ့တွေ အနေနဲ့လည်း ကိုယ်ချင်းစာဖို့သင့်ပါပြီလို့သာ ဆိုချင်ပါတယ်။

စစ်ရေးအမြင်မရှိတဲ့ ခေါင်းဆောင်ကြောင့်

တစ်ဖက်က ဇာလန်စကီးကို မြှောက်ပေးသူတွေအနေနဲ့က ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးကို တကယ်လိုလားရင်၊ ယူကရိန်းပြည်သူတွေရဲ့ဘဝကို အမှန်တကယ် ကယ်တင်လိုတဲ့ စိတ်စေတနာရှိတယ်ဆိုရင် စစ်ကိုချက်ချင်းရပ်လို့ ရပါတယ်။ ယနေ့ ယူကရိန်းစစ်ဟာ စစ်ကို ဖန်တီးခဲ့သူတွေရဲ့ လက်ထဲမှာပဲရှိပါတယ်၊ ဘယ်သူ့လက်ထဲမှာမှ မရှိပါဘူး။ စစ်ကိုရပ်ရမယ့်အစား စစ်ပွဲကို ပိုဆိုးစေတဲ့ လူသတ်လက်နက်တွေသာ အတောမသတ် ထောက်ပံ့ပေးနေတာ တွေ့နေရတယ်။ နောက်ထပ် နှစ်ဘီလီယံဖိုးခန့် လက်နက်တွေ ဆက်လက်ထောက်ပံ့မယ်လို့လည်း ကြေညာခဲ့ပါပြီ။ 

တကယ်ဆို ကမ္ဘာမှာ အရေးပေါ်အကူအညီ လိုအပ်နေတဲ့ ဆင်းရဲတဲ့ နိုင်ငံတွေကို လူသားဆန်စွာ ထောက်ပံ့ကူညီသင့်တာပေါ့။ အကူအညီလိုအပ်နေတဲ့ ဆင်းရဲတဲ့ နိုင်ငံတွေကို ကူညီဖို့ထောက်ပံ့တဲ့ ကုလသမဂ္ဂရန်ပုံငွေဟာ ယခုယူကရိန်းကို အမေရိကန် က ထောက်ပံ့နေတဲ့ လက်နက်တန်ဖိုးရဲ့ ၂၀ ရာခိုင် နှုန်းပဲရှိပါတယ်တဲ့။ ( ဒါက ကုလသမဂ္ဂရဲ့ ရုရှားကိုယ်စားလှယ် ဗာဆီလီအလက်ဆီနီဗာညာရဲ့ မှတ်ချက်စကားပါ)။ ယနေ့လက်နက်တွေရဲ့ စွမ်းပကား ဘယ်လိုရှိမလဲဆိုပြီး သေတွင်းထဲ အပို့ခံရတဲ့ အစမ်းသပ်ခံ ယူကရိန်းစစ်သည်တွေနဲ့ ယူကရိန်းပြည်သူတွေရဲ့ဘဝကတော့ ဆက်မတွေး ရဲစရာပါ။

ခေတ်မီလက်နက်တွေ ဆက်ထောက်ပံ့တယ်။ လက်နက်အားကိုးနဲ့ တန်ပြန်ထိုးစစ်ဆိုပြီး ထရူးတယ်။ တိုက်ပွဲဝင်စိတ်မရှိတော့တဲ့ ယူကရိန်း စစ်သည်တွေ ထွက်ပြေးလက်နက်ချတဲ့သတင်းတွေ ကြားခဲ့ရတယ်။ ထောက်ပံ့ထားတဲ့နောက်ဆုံးပေါ် ခေတ်မီပက်ထရီးရော့လေကာတွေ ပျက်စီးသွားပါပြီ။ အနောက်အုပ်စုရဲ့ အဆင့်မြင့် လီယိုပတ်တင့်ကားတွေ၊ သံချပ်ကာယာဉ်တွေ တိုက်ခိုက်ဖျက်ဆီး ခံလိုက်ရပါပြီ။ တန်ပြန်ထိုးစစ်မှာ ယူကရိန်းတပ်ဖွဲ့တွေ ချေမှုန်းခံနေရတယ်။ လက်ရှိယူကရိန်း ခေါင်းဆောင်တွေဟာ ယူအက်စ်နဲ့အနောက်အုပ်စုရဲ့ ဖိအားဒဏ်ကို မခံနိုင်ကြပါဘူး။ မိမိစစ်သည်တွေ အကျအဆုံးများပြီး မရေရာဘဲ ဆင်နွှဲခဲ့ရတဲ့ တန်ပြန်ထိုးစစ်ဟာ ယူကရိန်းခေါင်းဆောင်တွေရဲ့ စစ်ရေးအမြော်အမြင်နည်းပါးမှုကို ပြသနေသလိုပါပဲ၊၊ တိုင်းပြည်ကို ခေါင်းဆောင်မယ့် ခေါင်းဆောင်တစ်ဦးဟာ နိုင်ငံရေးအမြင်အပြင် စစ်ရေး၊ ကာကွယ်ရေးအမြင်ပါ ရှိရမယ်ဆိုတဲ့အချက်ဟာ တိုင်းပြည်ရဲ့လုံခြုံရေးအတွက် ဘယ်လောက်အရေးပါကြောင်း ယနေ့ ယူကရိန်းခေါင်းဆောင်တွေက ပြသနေပါတယ်။

အာရုံလွှဲ ကမ္ဘာအနှံ့ခြေရှုပ်မှုတွေ ဖန်တီးလာနိုင်

ယနေ့ယူကရိန်းရဲ့အခြေအနေကိုကြည့်ရတာ အစပိုင်းမှာ နိုင်မယ်ထင်ပြီး မြှောက်ပေးတိုင်း လိုက်က၊ နောက်ပိုင်းအခြေအနေမဟန်မှ ပျားရည်နဲ့ ဝမ်းချတာခံရမယ့်ဘဝ၊ ဒီနေ့ကမ္ဘာကြီးဟာ တစ်ဦးတည်းထီးတည်းနေလို့မရတဲ့ဘဝမှာ ကိုယ့်ရဲ့ညံ့ဖျင်းမှုကြောင့် ကိုယ့်နိုင်ငံ၊ နိုင်ငံသားတွေရဲ့ ဆုံးရှုံးမှုသာမက ဒေသတွင်းရော ကမ္ဘာကြီးငြိမ်းချမ်းရေးအတွက်ပါ အန္တရာယ်ရှိလာနိုင်တာကို တွက်ဆနိုင်ရပါမယ်၊၊ ယနေ့ကာလမှာ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် နိုင်ငံအားလုံး၊ ခေါင်းဆောင် အားလုံးမှာ တာဝန်ရှိတယ်ဆိုတာ အလေးအနက်ထားဖို့ လိုလာပါပြီ၊၊ 

သို့ပေမယ့် လက်ရှိအခင်းအကျင်းအရတော့ အနောက်အုပ်စုက ယူကရိန်းကို လက်နက် အင်အား အလွန်အကျွံ ထောက်ပံ့လာသလို ကိုယ်တိုင်လည်း အုပ်စုလိုက် အင်အားပြ၊ ဟိုနေရာဒီနေရာ စစ်ရေးလေ့ကျင့်မှုတွေလုပ်ပြနေတဲ့အချက်က စစ်ပွဲကို မနိုင်မှန်းသိတော့ အုပ်စုလိုက် ဝိုင်းတိုက်မယ့် သဘောကိုသာ တွေ့မြင်ရပါတယ်၊၊ ဟန်ရေးပြရာကနေ ကမ္ဘာ့ ပြည်သူတွေကို ဘယ်သူသေသေ ငတေမာပြီးရော ကမ္ဘာစစ်ကြီးထဲ အတင်းအဓမ္မ ဇွတ်သွင်းနေတဲ့ သဘောလို့ ဆိုနိုင်ပါတယ်။ စစ်ရဲ့ဆိုးကျိုးတွေကို သိသော်လည်း မထူးဇာတ်ခင်းတဲ့ သဘောပါပဲ။ နိုင်ငံရဲ့သမ္မတနဲ့ ခေါင်းဆောင်တွေ လာဘ်စားမှု အရှုပ်တော်ပုံနဲ့ စီးပွားရေး၊ နိုင်ငံရေးဆုတ်ယုတ် ပျက်စီးလာရာကနေ ကမ္ဘာကြီးကိုပါ အပါခေါ် မီးလောင်တိုက်သွင်းမယ့် အရိပ်အယောင်တွေများလား၊ တွေ့မြင်နေရပါတယ်။

သင်ခန်းစာယူရမယ့်အချက်တွေ

ဝင်ရိုးတစ်ခုတည်း ဗဟိုပြုရာကနေ ဗဟုဝင်ရိုးစုံ ကမ္ဘာကြီးအဖြစ်ကို ဝင်ရိုးတန်းတွေ ဖြာထွက်ပြီး ကမ္ဘာ့စူပါပါဝါကြီး တစ်ခန်းရပ်ရတော့မယ့် အခြေအနေကို ခံစားနိုင်စွမ်းမရှိ ဖြစ်နေပုံရပါတယ်။ လက်ရှိဖြစ်နေတဲ့အနေအထားစုံကို တစ်ချိန်က စစ်အေးကာလနဲ့ယှဉ်ပြီး ကမ္ဘာ့ပြည်သူအားလုံးက သတိထားမိလာကြပါပြီ။ ယနေ့နိုင်ငံအများစုကြီးက ကမ္ဘာမှာတစ်ဦးတည်း ဗိုလ်ကျစိုးမိုးလွှမ်းမိုးချုပ် ကိုင်နေခြင်း၊ လွှမ်းမိုးခံရခြင်းတွေကို မလိုလားကြတော့ပါဘူး။ ဥရောပက နေတိုးအုပ်စုလို အလားတူ အာရှမှာလည်း စစ်အုပ်စုဖွဲ့ပြီး အာရှတိုက်ကြီးကို စစ်မီးမွှေးမယ့်အကြံကို အထူးသတိပြုကြရပါမယ်၊၊ 

သင်ခန်းစာထုတ်ယူပြီး မိမိအင်အား မိမိတည်ဆောက်ထားဖို့ လိုမယ်ဆိုတာ အားလုံးက သတိချပ်ရမယ့်အနေအထား  ဖြစ်ပါတယ်။ အထူးသဖြင့် စွပ်စွဲချက်တွေ၊ ဝါဒဖြန့်ချိမှုတွေ၊ သတင်းမှားတွေ၊ သပ်လျှိုမှုတွေ၊ လူလိမ်တွေကို သတိထား ဆင်ခြင်ကြဖို့ပါပဲ။ မှားယွင်းပြီး လက်ခုပ်မတီးမိအောင်၊ အတုအယောင်တွေကို မထောက်ခံမိအောင်၊ အမုန်းစကားတွေကို သတိထားပြီး ကိုယ်ကိုယ်တိုင် အမုန်းစကား ဖြန့်ဝေသူတွေ ဖြစ်မသွားအောင် အထူးသတိထားစေချင်ပါတယ်။

ကျွန်တော်တို့ မြန်မာပြည်သူတွေအနေနဲ့လည်း သင်ခန်းစာယူတတ်ရင် အများကြီးပါပဲ။ ယူကရိန်း ပြဿနာမှာလိုပဲ မြန်မာနိုင်ငံမှာလည်း ပြဿနာကို ပြေလည်အောင် ကြိုးစားနေသူ၊ မပြေလည်အောင် ကြိုးစားနေသူတွေက ဘယ်သူလဲဆိုတာ ခွဲခွဲခြားခြား မြင်စေချင်ပါတယ်။ မြန်မာနိုင်ငံ အခြေအနေနဲ့ ပတ်သက်ပြီး မြန်မြန်ပြေလည်စေချင်ပုံရတဲ့ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ဆက်စပ်နေတဲ့ ထိုင်းနိုင်ငံရဲ့ ဖိတ်ခေါ်အစည်းအဝေးတစ်ခုကို အနောက်လက်ဝေခံ နောက်လိုက်နိုင်ငံ သုံးနိုင်ငံက ပိတ်ဆို့ဖို့ကြိုးစားခဲ့ ကြတာလက်တွေ့ပါပဲ။ ထိုနိုင်ငံတွေဟာ တရုတ်နဲ့ အိန္ဒိယတို့လို အိမ်နီးချင်းနိုင်ငံကြီးတွေတောင် ပါဝင်တက်ရောက်ခဲ့ကြတဲ့ ထိုအစည်းအဝေးကို လာမတက် ခဲ့ကြပါဘူး။ အချိန်တန်ရင် ကိုယ့်အမျိုးသားအကျိုးစီးပွား၊ ကိုယ့်နိုင်ငံနယ်နိမိတ် အထိပါးမခံရအောင်သာ ဘယ်လိုဘယ်ပုံဂရုစိုက်ကြပုံနဲ့ ဘယ်သူက မိတ်ဆွေ အစစ်အမှန်ဆိုတာ သတိပြုမိစေဖို့နဲ့ သင်ခန်းစာယူနိုင်ဖို့ ဖြစ်ပါတယ်။

နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေးအရ မဟာဗျူဟာအချက်အချာကျရာမှာ ရပ်တည်နေတဲ့ မြန်မာနိုင်ငံဟာ ယူကရိန်း၊ တရုတ်(တိုင်ပေ)တို့နဲ့ တန်းတူ အရေးကြီးပါတယ်။ ဆင်ခြင်တုံတရားမရှိ ပညာမဲ့ရင် ပေးရမယ့်အရင်းအနှီးက ကြီးမားလွန်းလှ ပါတယ်။ ကမ္ဘာကြီးကို ပြဿနာလိုက်ရှာနေတာ ဘယ်သူလဲ။ အမြင်ကြည်ကြည်နဲ့ မြင်အောင် ကြည့်စေချင်ပါတယ်။ Domino Effect လိုပါပဲ။ သူတို့ရဲ့ ပစ်မှတ်နိုင်ငံ တစ်နိုင်ငံ ပြိုလဲပျက်စီးရင် ကျန်ဘေးက နိုင်ငံတွေပါ အလိုလိုပျက်စီးသွားစေမယ့် ရည်မှန်းချက်အတွက် ကိုယ့်ပြည်တွင်းမှာ ဒီလောက် ပဋိပက္ခမျိုးစုံနဲ့ ဘယ်လိုဖန်တီးခံနေရတယ်ဆိုတာ မြင်စေချင်ပါတယ်။ တစ်နိုင်ငံထိခိုက်ရင် ကျန်နိုင်ငံ တွေလည်း ထိခိုက်မှာပါ။ 

ယနေ့ကမ္ဘာ့နိုင်ငံအများစုဟာ ဗိုလ်ကျစိုးမိုးရေး ဝါဒီတွေရဲ့ လိုသလိုပုံသွင်းခံရမယ့် အရေးကနေ တစ်ပါးဩဇာခံမဖြစ်အောင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နေကြရပြီလည်း ဖြစ်ပါတယ်။ ဆိုဗီယက် ယူနီယံနဲ့ ယူဂိုဆလားဗီးယားတို့လို အစိတ်စိတ် အမြွှာမြွှာ ကွဲထွက်သွားတဲ့ နိုင်ငံတွေ၊ ဆီးရီးယားနဲ့လစ်ဗျားလို ကျဆုံးသွားတဲ့ Fail State နိုင်ငံတွေ၊ အီရတ်နဲ့ အာဖဂန်နစ္စတန်တို့လို အဖျက်ဆီးခံလိုက် ရတဲ့နိုင်ငံတွေရဲ့ အတိတ်သမိုင်းတွေဆီကနေ သင်ခန်းစာယူစရာတွေ အများကြီး ရှိနေပါတယ်။ 

ဒါကြောင့်ပဲ ယနေ့ကမ္ဘာမှာ ကိုယ့်နိုင်ငံ၊ ကိုယ့်အကျိုးစီးပွားကာကွယ်ဖို့ ကိုယ့်အင်အား ကိုယ် တည်ဆောက်ပြီး နျူလက်နက်သုံးဖို့တောင် လက်မနှေးတဲ့သူတွေ ရှိလာနေတာ ဖြစ်ပါတယ်၊၊ အဓိကအချက်က မိမိလူ့အဖွဲ့အစည်းအတွင်းမှာ အက်ကြောင်းမရှိဖို့ပါပဲ။ နိုင်ငံတစ်ခု ဖြိုခွဲချင်ရင် အက်ကြောင်းကနေ သပ်လျှိုထိုးခွဲတတ်တဲ့ အကျင့်ဟာ အနောက်အင်အားကြီးတွေရဲ့ အကျင့်ပါပဲ။ ဒါကြောင့် မိမိတို့နိုင်ငံမှာ စည်းလုံးညီညွတ်ပြီး အင်အားခိုင်မာတောင့်တင်းဖို့ ယနေ့ကာလလောက် အရေးကြီးတာမရှိဟု ခံယူပြီး ယနေ့ ယူကရိန်းနိုင်ငံလို မိမိနိုင်ငံမှာလည်း (proxy war) ကိုယ်စားပြု စစ်ပွဲအဖြစ် ဖန်တီးခြင်းမခံရအောင်၊ သပ်လျှိုဖြိုခွဲ မခံရလေအောင် သတိထားကာကွယ်စောင့်ရှောက် ကြရမှာပဲ ဖြစ်ပါတယ်။ 

ဒါပေမဲ့လည်း ကမ္ဘာပေါ်မှာ အမြော်အမြင် နည်းလွန်းလှတဲ့၊ ဆင်ခြင်တုံတရားမဲ့ ခေါင်းဆောင် တချို့လည်း ရှိနေဆဲဖြစ်တာကြောင့် ကမ္ဘာကြီး နျူကလီးယားချောက်ကမ်းပါးဝ မရောက်အောင်၊ ကမ္ဘာကြီး ယခုထက်ပိုပြီး ငြိမ်းချမ်းသာယာအောင် ယခုထက်ပိုပြီး ဝိုင်းဝန်းကြိုးပမ်းအားထုတ်ကြဖို့သာ ရှိပါတော့တယ်...။  ။