ဖာတင်းကျေးရွာ၌ စက်ရေတွင်းတူးဖော်ပြီးစီး၍ သန့်ရှင်းသည့် သောက်သုံးရေများကို ပြည်သူများ လုံလောက်စွာ အသုံးပြုနိုင်တော့မည်

မော်လိုက် ၂၁ စက်တင်ဘာ         

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်သူ များအနေဖြင့် သန့်ရှင်းသည့် သောက်သုံးရေများကို လုံလောက်စွာအသုံးပြုနိုင်ရေးအတွက် ကျေးရွာများ တွင် စက်ရေတွင်းများ တူးဖော်ပေးခြင်း၊ စိမ့်စမ်းရေသွယ်တန်းခြင်းများကို ဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုရန်ပုံငွေဖြင့် ဖာတင်းကျေးရွာ၌ တင်ဒါအောင် MPE ကုမ္ပဏီမှ တာဝန်ယူတူးဖော်ခဲ့သည့် အနက် ပေ(၄၀ဝ)ရှိ စက်ရေတွင်းတူးဖော်မှုလုပ်ငန်းများကို စက်တင်ဘာ ဒုတိယအပတ်တွင် ရာခိုင်နှုန်းပြည့် ပြီးစီး ပြီ၍ သန့်ရှင်းသည့် သောက်သုံးရေများကို ပြည်သူများ လုံလောက်စွာ အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။

အဆိုပါ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေကျပ် (၁၃ ဒဿမ ၁၂)သန်းဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အနီးကပ်ကြီးကြပ်၍ တင်ဒါအောင် MPE ကုမ္ပဏီမှ တာဝန်ယူ၍ အနက်ပေ(၄၀ဝ)ရှိ စက်ရေတွင်း တစ်တွင်း၊ ဂါလံ(၂၀ဝ၀)ဆံ့ ရေကန်နှင့် ရေစက်ရုံ တစ်ရုံတို့အား အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ လုပ်ငန်းများ ရာခိုင်နှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဟန်မင်းဆွေ ပြောကြားချက်အရ သိရှိရသည်။

ယခင်က ဖာတင်းကျေးရွာပြည်သူများသည် နှစ်စဉ်နှစ်တိုင်း ရွာအထွက်တွင် ပြုလုပ်ထားသည့် ကျောက်ဖျာမှ ထွက်ရှိသည့် သောက်သုံးရေကန်သို့ သွားရောက်၍ သောက်ရေ၊ သုံးရေများကို သွားရောက် ခပ်ယူအသုံးပြုနေကြရကြောင်း၊ ယခုအခါ ကျေးရွာအတွင်းတွင် စက်ရေတွင်းကို တူးဖော်ပေးလိုက်သည့် အတွက် ပြည်သူများအနေဖြင့် သွားလာရသက်သာပြီး ဖာတင်းကျေးရွာရှိ အိမ်ထောင်စု (၇၃)စုအတွက် သန့်ရှင်းသည့် သောက်သုံးရေများကို လုံလောက်စွာအသုံးပြုနိုင်တော့မည်ဖြစ်၍ ပြည်သူများအတွက် အလွန်မှ ဝမ်းသာပီတိဖြစ်ရပါကြောင်း ဖာတင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးကျော်ဖေ ပြောကြားချက်အရ သိရသည်။

မော်လိုက်သားလေး